ကျိုက်ထိုမှာ KNLAပူးပေါင်းအဖွဲ့က နှစ်ရက်ဆက်တိုက် စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာနဲ့ကျွန်းတောရွာကြား၊ သစ်ဆိပ်ပင်နဲ့ ကျိုက်ထီးရိုးလေး ကြားမှာ KNLAပူးပေါင်းတပ်ဖွဲ့က အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ၂ ရက်ဆက်တိုက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၇ ဦးထက်မနည်း ထိခိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နေ့လည် ၁၂နာရီ ၄၉မိနစ်အချိန် အဂ်ဘိုကျေးရွာ၊ဆီအုန်းအမှတ်-၂၊ လေးဒေါင့်ကန်အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃ နဲ့KNU/KNLA ပူးပေါင်းတပ်ဖွဲ့တွေက အကြမ်းဖက်စစ်တပ်ယဉ်တန်းကို ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်း ၃၊သထုံခရိုင်က ထုတ်ပြန်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“မိုင်းဆွဲတာက ၂ ရက်ဆက်တိုက်ရှိပြီ။ စကစ ကားတွေထိခိုက်တာရှိတယ်။ မနေ့ကဆို စကစ ဘက်က ပြန်ပစ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးထိခိုက်သေးတယ်လို့ သတင်းကြားပေမယ့် သေချာတော့အတည်မပြုနိုင်ဘူး။ဒီနေ့လည်း ပြန်ပစ်တဲ့အသံတွေကြားရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဇူလိုင်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာလည်း ကော့ဘိန်းရွာနဲ့ ကျွန်းတောကျေးရွာကြားမှာ ယာဥ် ၁၀စီးပါ အကြမ်းဖက်စစ်တပ်ယာဥ်တန်းကို KNLA ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကား ၁ စီးထိခိုက်ပျက်စီးပြီး စစ်သား ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရတယ်လို့ဆိုပါတယ်။
၂ ရက်စလုံးမှာ အကြမ်းဖက်စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်မှုတွေလုပ်ခဲ့ပေမယ့် KNLA ပူးပေါင်းအဖွဲ့တွေဘက်က ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။