ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်သေဆုံး

Photo- KNU

ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း ခမရ (၂၀၇)၊ အမတ (၃၁၀)၊ အမတ(၆၀၂)၊ ကျိုက်ထို တပ်မ (၄၄) ဌာနချုပ်၊ ခလရ (၂) ၊ ခလရ(၈)၊ ခမရ (၂) ၊ ခမရ (၃) ၊ ခလရ (၉၆) စတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ နယ်မြေကျူးကျော်ပြီး စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံတွေအနေနဲ့ ပုံမှန်စားဝတ်နေရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခက်ကြုံနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး( KNU ) ကဒီနေ့စက်တင်ဘာ ၂၀ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ (၁၄) ရက်နေ့က ခရွဲကျေးနယ်အတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားမှုတွေပြုလုပ် ခဲ့တာကြောင့် မိုင်းထိမှန်ပြီးအရပ်သား (၂) ဦးသေဆုံးခဲ့သလို (၁)ဦးဒဏ်ရာရခဲ့ပြီး လက်နက်ကြီးလက်နက် ငယ်တွေနဲ့ ခရွဲကျေးနယ်အတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လိုဆိုပါတယ်။

စက်တင်ဘာလ (၁၈) ရက်နေ့ကလည်း သိမ်ဇရက်အခြေစိုက် (အမတ-၃၁၀)ကနေ လက်နက်ကြီး (၁၂၀ မမ) တွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာအတွင်း (၂)လုံး ခရွဲကျေးနယ် အုပ်စုတွင် (၃)လုံး ကျပြီးပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး( KNU ) နယ်မြေအတွင်းတိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့အတွက် စစ်အုပ်စု ဘက်က ဒေသခံပြည်သူတွေ အပေါ် လက်နက်ကြီးတွေနဲ့ရမ်းသန်းပစ်ခတ်နေတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။