မယ်ခါးထာ့စခန်းပြန်ရဖို့စစ်ကောင်စီက လေကြောင်းအကူအညီနဲ့ ဘာလို့ ထိုးစစ်ဆင်နေတာလဲ

မေ၊ ၂

ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းဆည်းထားတဲ့ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ် စခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လည်ရရှိဖို့ လေကြောင်းပစ်အကူအပါအဝင် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KUN ပူးပေါင်းတပ်ဖွဲ့ထံမှ သိရပါတယ်။

“ တိုက်နေတာကြာကြာပြီးပေါ့။ ဒီလပထမပတ်ကုန်လောက်မှာ သူတို့တွေ(စစ်တပ်)စစ်ကြောင်းထိုးနေတာ။အဲကနေစတာပေါ့။ အပြင်းအထန်ပဲ။ အင်အားအများအပြားနဲ့ကို ထိုးတတ်လာတဲ့ အနေအထားပဲ။ ဒီဘက်မှာလည်း KNLA ဦးဆောင်ပြီးတော့ မဟာမိတ်တပ်ဖွဲ့တွေက အကောင်းဆုံးခုခံနေကြတယ်ပေါ့နော်။ လေကြောင်းပစ်ကူပါသုံးတာပေါ့နော်။ မြေပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။” လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေမှာ ပါဝင်နေတဲ့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅)နယ်မြေ၊ မုဒြာ(ဖာပွန်)ခရိုင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ် စခန်းကို Force for Federal Democracy (FFD) Drone တပ်ဖွဲ့၊ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကမတ် လ၂၈ ရက်၊မနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တနာရီကျော်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ စစ်ကောာင်စီတပ်သား ၁၆ ဦးသေဆုံးကာ ခုနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး KNLA ပူးပေါင်းတပ်က တဦးသေဆုံး၊ သုံးဦးဒဏ်ရာရတယ်လို့ အဲဒီတုန်းက ထုတ်ပြန်ထားပါတယ်။

အဲဒီစခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီး တပတ်၊ ဆယ်ရက်အကြာမှာ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က အင်အားတရာကျော်ပါတဲ့ မြေပြင်စစ်ကြောင်းအပါအဝင် လေကြောင်းပစ်ကူနဲ့ပါ နေ့စဉ်အမျှ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပျောက်ကျား နည်းလမ်းနဲ့ အကောင်းဆုံးပြန်လည် ခုခံတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်က စခန်းမသိမ်းနိုင်ဖြစ်နေတယ်လို့ PDF တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

“ သိမ်းပြီး တပတ်၊ ဆယ်ရက်လောက်မှာပဲ၊ ဒီကောင်တွေ ပြန်ရဖို့ ဝင်လာတာပေါ့နော်၊ သူတို့တွေ စခန်းဘက်ရောက်လာတယ်၊ ဒီဘက်ကလည်း ဒရုန်းတွေနဲ့ ချတယ်၊ မိုင်းတွေ ထောင်ထားတယ်၊ ပျောက်ကျားနည်းနဲ့ တိုက်ခိုက်နေတယ်၊ သူတို့ဘက်က ဘယ်လိုမှ တပ်မစွဲထားနိုင်ဘူး၊ အဲနေရာကို ဘာလို့ဆို သူတို့က အထိအခိုက်အကျအဆုံးကလည်း များတဲ့သဘောမှာ ရှိလို့ ဖြစ်မယ်၊ ပြန်ပြီး ဆုတ်သွားတယ်။ ဆုတ်သွားတာကလည်း အဝေးကြီးမဟုတ်ဘူး၊ အခုချိန်ထိတော့ သူတို့က မယ့်ခါးထားစခန်းကို ပြန်မသိမ်းနိုင်သေး ဘူးပေါ့နော်။” လို့ ပြောပါတယ်။

မယ်ခါးထာ့စခန်းဟာဆိုရင် စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ စခန်းတခုဖြစ်တာကြောင့် စစ်ကောင်စီတပ်ကစခန်း ပြန်လည် ရရှိရေးကို မယ်ခါးထာ့စခန်းအနီးမှာရှိတဲ့ ကျေးရွာတွေဘက်မှာ အင်အားအများအပြားနဲ့ တပ်စွဲထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာ တွေ လုပ်ဆောင်နေသလို အလျဉ်းသင့်ရင် သင့်သလို စစ်ကြောင်းထိုးတိုက်ခိုက်ဖို့အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။

“ ပြောလို့မရဘူးဗျ၊ သူတို့ဟာ ဝင်ချင်တဲ့ အချိန် ဝင်ချတယ်၊ ဝင်တဲ့အချိန်ဆို၊ လက်နက်ကြီး၊ လေယာဉ်က အဆင်သင့်ပစ်ကူပေးတယ်၊ အဲလိုပဲ၊ ကိုယ့်ဘက်ကလည်း အချိန်ပြည့်သတိထားနေရတာပေါ့။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာမယ်ခါးထာ့စခန်းပြန်ရဖို့ နေ့စဉ်နီးပါးထိုးစစ်ဆင်တာ ရက်ပေါင်း ၂၀ ဝန်းကျင်ရှိလာပြီး စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုတွေရှိပေမယ့် ပူးပေါင်းတပ်တွေက ထိခိုက်မှုမရှိဘူးလို့ ပူးပေါင်းတပ်ဖွဲ့ဖက်က ပြောပါတယ်။

ဒါပေမယ့် DNA သတင်းဌာနအနေဲ့ ကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မယ်ခါးထာ့စခန်းသိမ်းတိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကတည်းက အနီးအနားကျေးရွာများမှ ဒေသခံတွေ ရာနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသော်လည်း တိုက်ပွဲငြိမ်သက်နေတဲ့အချိန်မှာ တချို့က နေရပ်ကို ပြန်လာကြသူများရှိနေပေမယ့် ယခုတဖန် တိုက်ပွဲပြန်လည်ပြင်းထန်လာတဲ့အခြေအနေတွေကြောင့် ဒေသခံတွေက ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတယ် လို့ ဒေသခံတဦးက ဆိုပါတယ်။

ဒါအပြင် မယ်ခါးထာ့တပ်စခန်းဟာ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းဘေးမှာ တည်ရှိပြီး အဲဒီသံလွင်မြစ်အတွင်း ဖြတ်သန်း သွားလာနေတဲ့ ဒေသခံစက်လှေတချို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာ တွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

“ သူတို့(စစ်တပ်)က အရင်ကတည်းက ပစ်နေတာ၊ အဲဒီတောင်ပေါ်ကနေ၊ အခုလည်း ဘယ်ကနေပစ်လာမှန်းမသိဘူး၊ ခြိမ်းခြောက်ပြီး ပစ်တာလား၊ ဘာလို့ ပစ်တာလည်း မသိဘူး၊ စက်လှေသမားတွေကလည်း အဲဒီကနေ ဖြတ်သန်းသွားကြတယ်လေ၊ ဟိုးအရင်တုန်းက တော့ စက်လှေကို ထိတာမျိုးတွေရှိတယ်၊ အခုတော့မရှိဘူးပေါ့နော်။” လို့ ပြောပါတယ်။

အရင်စစ်အစိုးရလက်ထက်က KNU ဗဟိုဌာနချုပ်၊ မာနယ်ပလောစခန်းကျဆုံးပြီးနောက် ၁၉၉၅ ခုနှစ်ခန့်ကတည်းက မြန်မာစစ်တပ်ဟာ  မယ်ခါးထာ့စခန်းမှာ အခြေပြုတပ်စွဲနေထိုင်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ဒေသတွင်းစစ်ရေးလှုပ်ရှားမှုတွေနဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်စိုးမိုးထားတဲ့ မယ်ခါးထာ့စခန်းဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလက KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့ သော်လဲ ထာစခန်းပြီးရင် ဒုတိယအရေးပါတဲ့စခန်းဖြစ်ကြောင်းနဲ့ အဲဒီသော်လဲထာစခန်းကနေ အထက်ဖက် စက်လှေနဲ့ မိနစ်သုံးဆယ်ခန့် သွားရတဲ့နေရာမှာရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင်စခန်းတည်နေရာဒေသဟာ  အရင်စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်ခန့်က တရုတ်- ထိုင်း- မြန်မာသုံးနိုင်ငံသဘောတူလက်မှတ်ရေးထိုးထားတဲ့ သံလွင်မြစ်ပေါ်ရေကာတာစီမံကိန်းတွေလုပ်ဆောင်ဖို့ လျာထားတဲ့နေရာဖြစ်တဲ့အပြင် စီးပွားရေးအရ စစ်ကောင်စီအတွက် အရေးပါတဲ့နေရာဖြစ်တယ်လို့ KNU ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံပဒိုစောကလယ်စေးရဲ့ပြောကြားချက်ကိုကိုးကားပြီးဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။