လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ညောင်လေးပင်မှာ ပြည်သူတသောင်းခွဲနီးပါး တိမ်းရှောင်နေရ

မေ၊ ၂၀
 
ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ ၃ နယ်မြေ (ညောင်လေးပင်ခရိုင်)၊ မူး (မုန်း)မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာကိုးရွာက ပြည်သူလူထု (၁၄၀၀၀)နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်အောက်ခံတပ် ခမရ- ၅၉၉၊ ခမရ-၅၉၀၊ တပ်မ-၄၄ နဲ့ ခလရ-၈၄ တပ်ပေါင်းစုဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက် မနက်ပိုင်းမှာ မူး(မုန်း) မြို့ နယ်အတွင်းက စဝေ၊ ကျွန်းတောကျေးရွာတွေထဲကို ဝင်ရောက်နိုင်ဖို့အတွက် လက်နက်ကြီး ၂၅ လုံးနဲ့ ညောင်ပင်သာယာကျေးရွာထဲကို လက်နက်ကြီး ငါးလုံးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မေလ ၁၆ ရက်ကလည်း ခလရ – ၆၀ စစ်ကောင်စီတပ်က နှောင်ကုန်းကျေးရွာအတွင်းကို လက်နက်ကြီး ခြောက်လုံးပစ်ခတ်ခဲ့ပြီး နောက်တနေ့မှာလည်း တောင်စုကျေးရွာထဲကို လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စဝေ၊ နှောင်ကုန်း၊ တောင်စု၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်း၊ တပ်ကုန်းနဲ့ ညောင်ပင်သာ စတဲ့ ကျေးရွာ (၉)ရွာမှ ပြည်သူ (၁၃၉၉၁)ဦး အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေချိန်အတွင်း ရွာသူရွာသားတွေ ထွက်ပြေးချိန်မှာ အသက် (၁၄)နှစ်အရွယ် မောင်းမင်းရဲဆက်ဟာ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသလို အသက် ၄၇ နှစ်အရွယ် မလှစန်းနဲ့ အသက် ၁၈ နှစ်အရွယ် မောင်မြင့်မြတ်သူ တို့နှစ်ဦးလည်း လက်နက်ကြီးထိမှန်ကာ ဆေးကုသမှုခံယူနေရပြီး ဘာသာရေးအဆောက်အဦတလုံးနဲ့ နေအိမ်တလုံးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာလည်း စဝေနဲ့ ကျွန်းတောကျေးရွာမှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ အင်အား ၁၀၀ ဝန်းကျင်က တပ်စွဲထားတာကြောင့် ဒေသခံတွေဟာ နေရပ်မပြန်လာကြရဲသေးဘူးလို့ စစ်ရှောင်အရေးအကူအညီပေးနေသူတဦးက ပြောပါတယ်။
 
“ အရင်ကတော့ ဒီဘက်မှာ ဖြစ်ရင် ပြေးလိုက်၊ စစ်ကြောင်းဆုတ်သွားရင် ပြန်လာလိုက် အဲလိုပုံစံမျိုးနဲ့ပဲ သွားလာရှောင်နေကြတယ်ပေါ့၊ စစ်ရှောင်တွေအတွက် လိုအပ်ချက်ကတော့ ရှိနေတာပေါ့၊ အများကြီးပေါ့ ” လို့ သူက ပြောပါတယ်။
 
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် အတွင်းက ကျောက်ကြီးမြို့နယ်နဲ့ ထန်းတပင်မြို့နယ်မှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာတွေဘက်ကို မကြာခဏစစ်ကြောင်းထိုး ဝင်ရောက်တာ၊ တိုက်ပွဲတွေဖြစ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေ ပိုမိုများပြားလာနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ၊ အမျိုးသမီးတွေအပါအဝင် ဒေသခံအရပ်သား အယောက် ၂၀ ကို စစ်ကောင်စီတပ်ဖွဲ့တွေက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်လာမှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးလက်နက်ငယ်ရမ်းသမ်းပစ်ခတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကြောင့် လူဦးရေလေးသိန်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး သူတို့အတွက် လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေ တယ်လို့ KNU(ဗဟို)က ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – KNU