အွန်လိုင်းစနစ်ကျင့်သုံးနေပေမယ့် ပွဲစားတွေ ဆီကျပ်သိန်းချီပေးနေရဆဲနိုင်ငံကူးလက်မှတ်

မေ၊ ၂၀
 
အွန်လိုင်းကနေ ကြိုတင်ငွေချေ ရက်ချိန်းယူတဲ့စနစ်ကျင့်သုံးနေပေမယ့် နိုင်ငံကူးလက်မှတ်မှောင်ခိုစျေးကွက်ဆက်ရှိနေပြီး အမြန်လိုသူတွေဟာ ပွဲစားတွေဆီ ကျပ်သိန်းချီပေးနေရတယ်လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်နေသူတွေဆီက သိရပါတယ်။
 
အွန်လိုင်း Booking နဲ့ နိုင်ငံကူးလက်မှတ် (Passport) ရရှိရေး လျှောက်ထားရာမှာ ခက်ခဲမှုတွေကြောင့် ကြားပွဲစားတွေကနေတဆင့် လုပ်ဆောင်ရာမှာ ပွဲစားခအဖြစ် ငွေကျပ် ၇သိန်းအထိ ပေးပြီးလုပ်ဆောင်ခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတဦးက DNA ကိုပြောပါတယ်။
 
” Online Booking လျှောက်တာကလည်း ပြည်သူတွေလျှောက်တာဆိုရင် အဆင်မပြေတာကများတယ်၊ အဲ့တော့ ပွဲစားနဲ့လုပ်ဖို့ မေးကြည့်လိုက်တာ နှစ်ပတ်အတွင်းရမယ်၊ နှစ်ပတ်ကြာမယ်ဆိုတော့ ကျွန်တော့ညီမ ကျောင်းတက်ဖို့ကလည်း ဒီလကုန်အရောက်ဆိုတော့ မဖြစ်မနေ ခုနစ်သိန်းပေးပြီးလုပ်ခဲ့ရတယ် ” လို့ သူကပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပ​ထွက်ခွာသူဦးရေ အဆမတန်များပြားခဲ့ပြီး နိုင်ငံကူးလက်မှတ်မှောင်ခိုစျေးကွက်ဟာလည်း ကျယ်ပြန့်ခဲ့ပါတယ်။ အဲ့ဒီနောက်စစ်ကောင်စီက အွန်လိုင်းကနေ ကြိုတင်ငွေချေ ရက်ချိန်းယူပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့စနစ်ကို ထပ်တိုးကျင့်သုံးခဲ့ပေမယ့် မှောင်ခိုစျေးကွက်တွေ ဆက်ရှိနေတာပါ။
 
နိုင်ငံကူးလက်မှတ် အမှန်တကယ်လျှောက်ထားသူတွေအနေနဲ့ အွန်လိုင်းစနစ်နဲ့လျှောက်ထားရာမှာ ဆာဗာကျတာ၊ Website ကျတာတွေကြောင့် အခက်ကြုံရပေမယ့် ကြားပွဲစားတွေနဲ့လုပ်ရင်တော့ အမြန်ရနိုင်သလို လုပ်ငန်းစဥ်တွေရှုပ်ထွေးမှုမရှိတာကြောင့် အခုလိုကျပ်သိန်းချီပေါက်စျေးရှိနေတာလို့ ဆိုပါတယ်။
 
အဲ့ဒီလိုအခြေအနေဖြစ်နေတာဟာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး ဝန်ထမ်းတွေ၊ ရဲ၊ လဝကဝန်ထမ်းတွေက အများပြည်သူလျှောက်ထားမှု အဆင်မပြေအောင် တမင်ရည်ရွယ်လုပ်ဆောင်ထားတာဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
 
” အခုလို အွန်လိုင်းကနေလျှောက်ဖို့ Website ရေးတယ်၊ ဆာဗာထိုင်တယ်၊ အဲ့ဒါပြီးတော့ ဒီ Website ကို အဓိကချုပ်ကိုင်ဖို့ အဖွဲ့တွေရှိတယ်၊ အဲ့ဒါကို အဓိကကိုင်တာကတော့ ရဲပေါ့၊ အဲ့တော့သူတို့က ပြည်သူတွေကို ပေးမလျှောက်ဘူးမဟုတ်ဘူး၊ ပေးလျှောက်တယ်၊ ၆၀ရာခိုင်နှုန်းလောက်ပေါ့၊ ကျန်တဲ့ QR ကို ပွဲစားကိုရောင်းတယ်၊ အဲ့တော့ ပွဲစားကလည်း ဒါကိုအခွင့်ကောင်းယူတာပေါ့ ” လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဝန်ထမ်းတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ပုံမှန် နိုင်ငံကူးလက်မှတ်လုပ်ဆောင်ရာမှာ ငွေကျပ် ငါးသောင်းနီးပါးသာကုန်ကျတာဖြစ်ပေမယ့် အချိန်ကြာကြာစောင့်ဆိုင်းရတာ၊ လုပ်ငန်းစဥ်တွေရှုပ်ထွေးတာ စတာတွေကြောင့် ပွဲစားတွေနဲ့ချိတ်ဆက်သူတွေ အခုထိရှိနေတာလို့ ဆိုကြပါတယ်။
 
စစ်ကောင်စီရဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကတော့ အခုကျင့်သုံးနေတဲ့ အွန်လိုင်းစနစ်ဟာ ကိုယ်တိုင်လွယ်လွယ်ကူကူ လျှောက်ထားနိုင်အောင် စီစဥ်ထားတာဖြစ်လို့ ပွဲစားတွေနဲ့ ဝန်ထမ်းတွေကတဆင့် ငွေပေးဆောင်ရွက်မှုကိုတွေ့ရင် အရေးယူမှာဖြစ်သလို နောက်ထပ်နိုင်ငံကူးလက်မှတ်မလျှောက်နိုင်တော့အောင် Black List စာရင်းထည့်သွင်းမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
 
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး Website မှာဖော်ပြထားတဲ့စာရင်းတွေအရတော့ အွန်လိုင်းကနေ ရက်ချိန်းယူတဲ့စနစ်ဟာ အခုနှစ် အောက်တိုဘာလ ပထမပတ်အထိ ရက်ချိန်းယူထားသူတွေပြည့်နေပြီလို့ ဆိုပါတယ်။
 
ဒီကနေ့မှာ အွန်လိုင်းကြိုတင်ရက်ချိန်းရယူသူဟာ လာမယ့်အောက်တိုဘာ လဆန်းမှာမှ ရက်ချိန်းရမှာဖြစ်ပါတယ်။
 
ဒါပေမယ့် MoU စနစ်နဲ့ ပြည်ပကိုအလုပ်သွားလုပ်မယ့်သူတွေ၊ ဘာသာရေးနဲ့ ယဥ်ကျေးမှုအဖွဲ့တွေ၊ သင်္ဘောသားတွေ၊ ဆေးကုမယ့်သူတွေ၊ ခရီးသွားအေဂျင်စီတွေ၊ ပညာသင်တွေ၊ ဝန်ကြီးဌာနအစီအစဥ်နဲ့ ပြည်ပခရီးသွားမယ့်သူတွေကိုတော့ ရက်ချိန်းမယူဘဲ လျှောက်ထားနိုင်တဲ့ သီးခြားစနစ်တခု စစ်ကောင်စီက သတ်မှတ်ပေးထားပါတယ်။ 
ဓာတ်ပုံ – Google