နှစ်လအတွင်း တိုက်ပွဲ ၁၀ကြိမ်ကျော်ဖြစ်ပွားပြီး နေအိမ် ၃၈လုံးမီးရှို့ဖျက်ဆီးခံရခဲ့ရကြောင်း CNDF ထုတ်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာ မေလ၊ ဇွန်လအတွင်း ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ဟာ စစ်အုပ်စုနဲ့ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်သား ၆၆ ယောက် သေဆုံးကြောင်း CNO၊ CNDF က ဇူလိူင်လ (၄) ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။
၂ လတာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ CNDF ရဲဘော်သုံးဦးကျဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်အုပ်စုတပ်တွေဟာ ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာက နေအိမ်(၁၀)လုံး၊ တလန်ဇာရ် ကျေးရွာက နေအိမ်(၁၇)လုံး၊ ပါရ်သဲကျေးရွာက နေအိမ်(၆)လုံးနှင့် ဇောင်လေးကျေးရွာမှ နေအိမ်(၅)လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အခုသီတင်းပတ်ထဲမှာပဲ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို အင်အားသုံး ထိုးစစ်ဆင်နေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေ ဖြစ်ပါတယ်။