တိုက်ပွဲကြောင့်ရွာခံတွေ စွန့်ခွာခဲ့တဲ့ ဖလမ်းမြို့ သီးဘွာလ်ကျေးရွာက နေအိမ်တွေ မီးလောင်နေ

စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တွေတိုက်ပွဲ ဖြစ်လို့ ရွာခံတွေ စွန့်ခွာခဲ့ပြီး တိမ်းရှောင်နေရတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် သီးဘွာလ် ကျေးရွာက နေအိမ်တွေ နိုဝင်ဘာ (၂၃) ရက် ဒီကနေ့ နေ့လယ်ပိုင်းကစပြီး မီးလောင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သီးဘွာလ်ကျေးရွာက ပြည်သူတွေဟာ ရွာကိုစွန့်ခွာပြီး စစ်ဘေးကရှောင်နေကြရပြီး ကျန်ရစ်ခဲ့တဲ့နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက လက် နက်ကြီးတွေ၊မီးကျည်တွေနဲ့ ပစ်ခတ်မီးရှို့တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူတို့ကပြောထားတာရှိတယ်၊တခုခုဆို ထန်တလန်လိုလုပ်မယ်ဆိုပြီး ပြောတာ” လို့ ဖလမ်း ဒေသခံတဦးကပြောပါတယ်။

ကျေးရွာကနေအိမ်တွေ မီးလောင်နေပေမယ့် စစ်ကောင်စီတပ်ရှိနေတာကြောင့် သွားရောက်မငြိမ်းသတ်နိုင်သလို အိမ်ဘယ်နှလုံးလောင်ကျွမ်းတယ်ဆိုတာလည်း မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သီးဘွာလ်ကျေးရွာအနီးက တောင်ကုန်းပေါ်မှာတပ်စွဲထားတာဖြစ်ပြီး နိုဝင်ဘာ (၁၅) ရက်ကစပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ ဒေသတွင်း သတင်းတွေကဖော်ပြပါတယ်။

လက်ရှိအချိန်ထိလည်း အဲ့ဒီဒေသတဝိုက်မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။