ဖလမ်းမြို့မ ရဲစခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့ ပစ်ခတ်

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာရှိတဲ့ မြို့မရဲစခန်းကို ဇွန် ၂၈ ညပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် အကြမ်းဖက်အုပ်စုရဲ့ ရဲစခန်းဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းဘက်က ပြန်လည်ပစ်ခတ်ရာမှာ ရမ်းသမ်းပစ်ခတ်တာကြောင့် ပစ်ခတ်တဲ့ကျည်ဆန်တချို့ဟာ လူနေအိမ်တွေကို ထိမှန်ခဲ့တယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။
“အပြန်အလှန်ပစ်ကြတာ နာရီဝက်လောက်ကြာမယ်၊ ဘယ်အဖွဲ့ကလဲတော့မသိဘူး။ ရဲစခန်းထဲက ပစ်တဲ့ကျည်ဆန်တွေက အိမ်တစ်ချို့ကိုမှန်တယ်။” လို့ဖလမ်းမြို့ခံတစ်ဦးက ဆိုပါတယ်။
အဲ့ဒိလို အပြန်အလှန်ပစ်ခတ်မှုဟာ နာရီဝက်နီးပါးကြာပြီး ထိခိုက်ဒဏ်ရာရရှိတာနဲ့ ပတ်သက်လို့တော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ သတင်းထုတ်ပြန်တာတွေ မရှိသေးဘူးလို့လည်း သိရပါတယ်။