စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်က မြို့သုံးမြို့မှာ ရောဂါကြောင့် ဝက်သေဆုံးမှုမြင့်တက်နေ

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ် နယ်မြေထိစပ်တဲ့ မြို့တွေဖြစ်တဲ့ ကလေးနဲ့ ဖလမ်းမြို့တွေအပြင် ချင်းပြည် နယ် အစိုးရရုံးစိုက်ရာ မြို့တော် ဟားခါးမှာလည်း ဝက်တွေ ရောဂါနဲ့သေဆုံးမှုမြင့်တက်နေတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

“ဝက်ကျနာရောဂါပါ၊အောက်တိုဘာလလောက်ကစပြီး ဝက်သေနှုန်းများလာတာပေါ့ ၊ ဖလမ်းမှာလည်း တော် တော်ဖြစ်နေပြီ” လို့ ဟားခါးမြို့ခံတဦးကပြောပါတယ်။

ဟားခါးမြို့မှာဝက်သေဆုံးမှုမြင့်တက်နေပြီး စက်တင်ဘာလကုန်ပိုင်းကနေ ဒီကနေ့အထိ အကောင်ရေ ငါးဆယ်ကနေ တရာကြား သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာ Chin World ကလည်းဖော်ပြပါတယ်။

အဲ့ဒီလို ဝက်သေဆုံးမှုမြင့်တက်လာပြီးနောက် ဒေသခံတော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ CDF ဟားခါး ကောင်စီက ဟာခါးမြို့နယ်အတွင်း တိရိစ္ဆာန်တွေ သယ်ယူပို့ဆောင်တာကို ဒီကနေ့ နိုင်ဝင်ဘာ(၁၀)ရက်ကစလို့ နောက်ထပ် ကြေညာချက် မရှိခင်အထိ တားမြစ်ပိတ်ပင်တယ်လို့ ထုတ်ပြန်ပါတယ်။

အလားတူ ဖလမ်းမြို့နဲ့ ကလေးမြို့တွေမှာလည်း ဝက်ကျနာရောဂါဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကသိရပြီး ဝက်တွေဟာ ဆီးချုပ်၊ ဝမ်းချုပ်ဖြစ်ကာ ဖျားပြီးသေဆုံးကြတာများတယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့မှာ အောက်တိုဘာလကုန်ပိုင်းအတွင်း ဝက်အကောင်နှစ်ဆယ်ဝန်းကျင်သေဆုံးခဲ့တယ်လို့ မြို့ခံတွေ ကပြောပါတယ်။ ကလေးမြို့မှာတော့ သေဆုံးတဲ့အရေအတွက်အတိအကျမသိရပေမယ့် ရာဂဏန်းထိ ရှိ နိုင်တယ်လို့ ဝက်မွေးမြူသူတွေကဆိုပါတယ်။

“ကျွန်တော်ရပ်ကွက်ထဲမှာတင် အကောင်နှစ်ဆယ်ကျော်သေတာဗျာ၊ဒါက ကျွန်တော်တို့တရပ်ကွက်ထဲ မျက်မြင် နော်၊တမြို့လုံးဆိုရင်တော့ စဥ်းစားကြည့်၊ရာဂဏန်းပဲ” လို့ ကလေးမြို့ ပင်လုံရပ်ကွက်မှာနေထိုင်တဲ့ ဝက်မွေးသူ တဦးကပြောပါတယ်။

အခုလို ဝက်တွေ ရောဂါနဲ့ သေဆုံးမှုတွေမြင့်တက်လာပေမယ့် စီးပွားဖြစ် ဝက်မွေးသူတွေ၊တနိုင်တပိုင် မွေးသူ တွေ အနေနဲ့ ကာကွယ်ဆေးကြိုတင်ထိုးတာ၊စနစ်တကျ ဆေးကုသပေးနိုင်တာမရှိဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် အဆင်ပြေ သလို ကုသနေကြရတယ်လို့ ဆိုပါတယ်။

“ခေတ်ကာလအနေအထားနဲ့ ကာကွယ်ဆေးထိုးတာမျိုးတွေ ဘယ်ရှိမလဲ၊ အပြင်က တိကုတွေကို ကြည့်ခိုင်း တာ မျိုးလောက်ပဲ၊ သူတို့လည်း တနယ်လုံးဘယ်လိုနိုင်မှာလဲ” လို့ စီးပွားဖြစ်ဝက်မွေးတဲ့ ကလေးမြို့ခံတ ဦးကပြော ပါတယ်။

ဝက်တွေသေဆုံးမူများလာတာကြောင့်ကလေး မြို့မှာ ဝက်သားစားသုံးမှုနှုန်းလည်း ထက်ဝက်ကျော်လောက် လျော့ကျသွားပြီး ဝက်သားအရောင်းပါးသွားတယ်လို့ ဝက်သားရောင်းသူတစ်ဦးကပြောပါတယ်။

“ကျွန်တော်တို့က သေတဲ့ဝက်ရဲ့အသားကိုမရောင်းပါဘူး၊ဒါပေမယ့် ဝက်တွေကသေနေတော့လူတွေက ကိုမစားကြ တော့တာ၊တချို့ဆို အလကားပေးတောင်မစားဘူးဆိုတာမျိုး” လို့သူကပြောပါတယ်။

Delta News

Read Previous

YDF (ထီးလင်း) ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်အများအပြားနှုတ်ထွက်ပြီး တော်လှန်ရေးအဖွဲ့သစ်ဖွဲ့စည်းဖို့ စီစဉ်နေ

Read Next

NUG ရဲ့ အလုပ်သမား တိုင်ကြားရေး ယန္တရားက ၆ လအတွင်း ၆ မှုဖြေရှင်းပေးနိုင်ခဲ့