YDF (ထီးလင်း) ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်အများအပြားနှုတ်ထွက်ပြီး တော်လှန်ရေးအဖွဲ့သစ်ဖွဲ့စည်းဖို့ စီစဉ်နေ

ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF(ထီးလင်း) ဥက္ကဌ ဦးကိုလေး အပါအဝင် အဖွဲ့ဝင်အများအပြား YDF ကနေ နှုတ်ထွက်ပြီး သီးခြား တော်လှန်ရေး အဖွဲ့သစ်တခု ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ YDF (ထီးလင်း) အဖွဲ့ဝင်တွေက DNA ကိုပြောပါတယ်။

YDF (ထီးလင်း) ဥက္ကဌ ဦးကိုလေးဟာ အောက်တိုဘာ (၃၀)ရက်က တရားဝင် နှုတ်ထွက်စာတင်ပြီးနှုတ်ထွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီလို နှုတ်ထွက်တာဟာ ဘယ်သူ့ဖိအားပေးမှုမှမပါဘဲ မိမိသဘောဆန္ဒအတိုင်း ဖြစ်တယ်လို့ ဦးကိုလေးက YDF ဗဟိုကိုပေးပို့တဲ့ နှုတ်ထွက်စာမှာဖော်ပြထားပါတယ်။

ဥက္ကဌအပါအဝင် YDF (ထီးလင်း)အဖွဲ့ဝင်အများအပြားနှုတ်ထွက်ပြီး တော်လှန်ရေး အဖွဲ့သစ် ဖွဲ့စည်းဖို့ စီစဉ်တာဟာ အဖွဲ့အစည်းအတွင်းမှာ သဘောထားကွဲလွဲမှုတွေ ရှိနေလို့ဖြစ်တယ်လို့ YDF ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သခင်ဇော်က ပြောပါတယ်။

“သဘောထားမတိုက်ဆိုင်တာတွေတော့ ရှိတာပေါ့၊ကြီးကြီးမားမားကြီးတွေတော့ မဟုတ်ပါဘူး၊ သူ(ဦးကိုလေး) အဖွဲ့တစ်ခုဖွဲ့ပြီး တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာပါ၊ အဲ့ဒီအဖွဲ့မှာ ကျနော်အပါအဝင် YDF ထီးလင်း တပ်ဖွဲ့ဝင်တော်တော်များပါဝင်ကြမှာပါ၊ YDF(ထီးလင်း) ကတော့ ပျက်သွားမယ့်သဘောရှိတယ်” လို့ သခင်ဇော်က ပြောပါတယ်။

ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF ဟာ စတင်ဖွဲစည်းချိန်ကစလို့ ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ဆော၊ကျောက်ထု စတဲ့ ယောဒေသ မြို့နယ်ငါးခုမှာ တပ်ဖွဲ့တွေ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံကြီးမားတာကြောင့် ကွပ်ကဲမှု အပိုင်းအားနည်းမှုတွေရှိခဲ့တယ်လို့ သခင်ဇော်ကဆိုပါတယ်။

“ထီးလင်းသီးသန့် အဖွဲ့တစ်ခုပေါ့၊ အဖွဲ့နာမည်ကိုတော့ ရက်ပိုင်းအတွင်းထုတ်ပြန်သွားမှာပါ၊ YDF ကိုလည်း ညီနောင်မိတ်ဖွဲ့အဖြစ်ထားပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ််တယ်” လို့သူကပြောပါတယ်။

အခုလို ထီးလင်းမြို့နယ် ဥက္ကဌအပါအဝင် တပ်ဖွဲ့ဝင်အများအပြားနှုတ်ထွက်တာနဲ့ ပတ်သက်လို့ YDF ဗဟို တာဝန်ရှိသူတွေကို မေးမြန်းနိုင်ဖို့ DNA က ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။

YDF ဟာပြီးခဲ့တဲ့လပိုင်းအတွင်း ဆောမြို့ပေါ်က မိသားစုတစ်ခုကို ဒလန်အဖြစ် စွပ်စွဲပစ်ခတ်သတ်ဖြတ်ပြီး ပစ္စည်းတွေသိမ်းဆည်းခဲ့တာနဲ့ ပတ်သက်လို့ တော်လှန်ရေး အင်အားစုတွေကြား ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း YDF ဒုစစ်ဦးစီးချုပ် ကိုဖြိုးဟာ စစ်ကောင်စီရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျဆုံးခဲ့သလို စစ်ဦးစီးချုပ်ဖြစ်သူ ကိုဘလှိုင်းဟာလည်း နှုတ်ထွက်ခဲ့ပါတယ်။