အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့နယ်၊တားလ်ကျေးရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့

ချင်းပြည်နယ်၊ဖလမ်းမြို့မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က အထိနာခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားတဲ့အနီးက ကျေးရွာကို တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၈ရက်နေ့မှာ ဖလမ်းမြို့က ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ယာဥ်တန်းနဲ့ ဒေသခံကာကွယ်ရေး တပ်တွေဖြစ်တဲ့ CNA, CNDF, CDF တို့ဟာ မွန်းတည့် ၁၂ နာရီဝန်းကျင်က တားလ်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တိုက်ပွဲက ထလန်ရောန်-တာလ်းကျေးရွာကြားမှာဖြစ်တာ။ စဖြစ်တဲ့နေ့လယ်ပိုင်းမှာ စစ်တပ်ဘက်က ၁၅ ယောက်သေပြီးတော့ ၊ ညနေပိုင်းမှာ ၅ယောက်သေတယ်ကြားတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က ကျေးရွာကို မီးရှို့ခဲ့တာကြောင့် တစ်ရွာလုံးနီးပါးလောင်းကျွမ်းပြီး အိမ်ခြေ အနည်းငယ်သာ ကျန်တော့​တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဘက်က အထိအခိုက်ရှိမရှိကိုတော့ တိတိကျကျမသိရသေးဘူးလို့ ဆိုပါတယ်။
တားလ်ရွာဟာ ဖလမ်းမြို့နဲ့ဆယ်မိုင်အကျော် ဖလမ်း – ဟားခါး ကားလမ်းဘေးမှာတည်ရှိပြီး အိမ်ခြေသုံးဆယ်ကျော် လေးဆယ်နီးပါးရှိတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။