ဘုရင်မကြီးကို ဂါရဝပြုဖို့ ၁၂ နာရီ တန်းစီစောင့်ခဲ့တဲ့ ဘက်ဟမ်း

David Beckham speaks to the media after leaving Westminster Palace where he paid respects to the late Queen Elizabeth II, at Westminster Hall, London, England, Friday, Sept. 16, 2022. The Queen will lie in state in Westminster Hall for four full days before her funeral on Monday Sept. 19. (AP Photo/Markus Schreiber)

 

ကမ္ဘာကျော် ဘောလုံး ကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ဟမ်းဟာ ကွယ်လွန်သူ အဲလိဇဘက်သ် ဘုရင်မကြီးကို နောက်ဆုံးအကြိမ် ဂါရဝပြု နှုတ်ဆက်ဖို့အတွက် အချိန် ၁၂ နာရီကြာ တန်းစီပြီး စောင့်ဆိုင်းခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းဟာ တော်ဝင်မိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေသူပါ။ သူသာ တောင်းဆိုမယ်ဆိုရင် တော်ဝင်မိသားစုရဲ့ အကူအညီကို ယူပြီး တန်းစီရတဲ့ အခြေအနေကို ရှောင်လွှဲနိုင်လောက်ပါတယ်။ ဒါပေမဲ့ ဘက်ဟမ်းဟာ တခြားဗြိတိန် ပြည်သူတွေနဲ့အတူ မိုင်ချီ ရှည်လျားတဲ့ လူတန်းကြီးထဲမှာ ဝင်စောင့်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

ဘက်ဟမ်းဟာ အမေရိကန်မှာ အခြေချ နေထိုင်ပေမယ့် တော်ဝင် ဈာပန အခမ်းအနားအတွက် ဇာတိနိုင်ငံကို ပြန်လာခဲ့တာပါ။ သူဟာ လူတန်းရှည်ကြီးထဲမှာ တရွေ့ရွေ့ လိုက်ပါလာနေရင်း မျက်ရည်တွေ သုတ်နေတာကိုလည်း တွေ့ရပါတယ်။

ဗြိတိန်ကို ပြန်လာရတဲ့ ခံစားချက်က ထူးခြားကြောင်း၊ အခုအချိန်မှာ လူတွေက နိုင်ငံတော် ဈာပနနဲ့ ဘုရင်အသစ် နန်းတက်မှုလို ကွဲပြားတဲ့ အနေအထား နှစ်ခုကို တပြိုင်တည်း ကြုံတွေ့နေကြောင်း ဘက်ဟမ်းက ပြောပါတယ်။

ဘက်ဟမ်းဟာ ဘောလုံးစွမ်းရည်ကောင်းတွေနဲ့ နိုင်ငံကို စွမ်းစွမ်းတမံ အကျိုးပြုခဲ့တာကြောင့် ၂၀၀၃ ခုနှစ်မှာ ဗြိတိန် ဘုရင်မကြီးရဲ့ OBEဘွဲ့ ချီးမြှင့်ပြီး သူကောင်းပြုမှုကို ခံယူခွင့် ရခဲ့ပါတယ်။ OBEဆုကို လက်ခံယူရင်း ဘုရင်မကြီးနဲ့ ရင်းရင်းနှီးနှီး စကားစမြည် ပြောဆိုခွင့် ရခဲ့တဲ့ အခိုက်အတန့်က သူ့ဘဝမှာ အမှတ်တရ အရှိဆုံး အခြေအနေ တစ်ခုလို့ ဘက်ဟမ်းက ဆိုပါတယ်။

ဘုရင်မကြီး ကွယ်လွန်သွားတဲ့အတွက် ကြေကွဲမိကြောင်း၊ ဒါပေမဲ့ ဒီအချိန်မှာ ဘုရင်မကြီး ချန်ထားခဲ့တဲ့ အံ့ချီး မကုန်နိုင်စရာ အမွေအနှစ်တွေကိုလည်း အောက်မေ့ သတိရပြီး ဂုဏ်ယူနေသင့်ကြောင်းလည်း ဘက်ဟမ်းက ဆက်ပြောပါတယ်။

ဘက်ဟမ်းဟာ လူတန်းရှည်ကြီးထဲ ဝင်ရောက် ရောနှောခဲ့တဲ့နောက် ပတ်ဝန်းကျင်မှာ ရှိနေသူတွေနဲ့ မုန့်တွေ၊ သကြားလုံးတွေ ဝေမျှစားနေတာကိုလည်း တွေ့ရပါတယ်။ အားလုံးက တူညီတဲ့ ရည်မှန်းချက် တစ်ခုအတွက် လာရောက် စုဝေးခဲ့တာဖြစ်ပြီး ဘုရင်မကြီးရဲ့ ခမ်းနားလှပခဲ့တဲ့ ဘဝဖြတ်သန်းမှုကို အောက်မေ့ ဂုဏ်ပြုချင်ကြသူတွေဖြစ်ကြောင်း၊ ဒါကြောင့် အခုလို အခြေအနေမှာ အစစ အရာရာ ဝေမျှကြခြင်းက ချစ်စရာကောင်းတဲ့ အမူအကျင့် တစ်ခုလို့ ယူဆကြောင်းလည်း ဘက်ဟမ်းက မှတ်ချက်ပေးသွားပါတယ်။

 

Ref: BBC

Photo – Marca