ဘုရင်မကြီး တကယ်သေမသေ စစ်ကြည့်ချင်လို့ အဖမ်းခံခဲ့ရတဲ့ အမျိုးသား

ဘုရင်မကြီးရဲ့ ခေါင်းတလားဆီ အတင်း ချဉ်းကပ်ဖို့ ကြိုးစားလို့ အဖမ်းခံခဲ့ရတဲ့ အမျိုးသားဟာ အခေါင်းထဲမှာ ဘုရင်မကြီး တကယ်ရှိမရှိ စစ်ကြည့်ဖို့ ကြိုးစားခဲ့တာလို့ တရားရုံး မှတ်တမ်းတွေအရ သိရပါတယ်။

 အသက် ၂၈ နှစ်အရွယ် မူဟာမက် ခန်းဟာ လန်ဒန်က နိုင်ငံတော် ဈာပန အခမ်းအနား မတိုင်ခင် ဘုရင်မကြီး ရုပ်အလောင်း ထားရှိရာ အခေါင်းကို ပြည်သူတွေ ဂါရဝပြု နှုတ်ဆက်ခွင့် ပေးထားချိန်မှာ ရုတ်ရုတ်သည်းသည်း အခြေအနေ တစ်ခုကို ဖြစ်စေခဲ့တာပါ။ သူက ရုတ်တရက် အခေါင်းပေါ်မှာ လွှမ်းခြုံထားတဲ့ အလံကို ဆွဲချလိုက်တာကြောင့် အနားမှာ ရှိနေတဲ့ ကိုယ်ရံတော် အစောင့်တပ်ဖွဲ့ဝင်တွေက ဝိုင်းဖမ်းခဲ့ကြပါတယ်။

 ခန်းကို အများပိုင် ပစ္စည်း ပျက်စီးစေလိုမှု အပါအဝင် ပြစ်မှု နှစ်ခုအတွက် ကနဦး စွဲချက်တင်ထားပေမယ့် အာမခံတော့ ခွင့်ပြုသွားမှာပါ။ ဒါပေမဲ့ သူဟာ နောက်ထပ် တရားရုံး ကြားနာမှု တစ်ခု မတိုင်ခင် စိတ်ကျန်းမာရေး ဆေးရုံမှာပဲ ဆက်နေပြီး စစ်ဆေးမှုတွေ ခံယူရဦးမယ်လို့ ဆိုပါတယ်။

 ပထမဆုံး ကြားနာမှုမှာတော့ ဆရာဝန်တွေက ခန်းဟာ ထင်ယောင်ထင်မှား ဖြစ်မှုတွေ ခံစားနေရကြောင်း ထွက်ဆိုခဲ့ကြပါတယ်။ ခန်းဟာ ဘုရင်မကြီး ကွယ်လွန်သွားတာကို လက်မခံလိုဘဲ ကိုယ်တိုင် စစ်ဆေးကြည့်ချင်ခဲ့သလို ချားလ်စ်ဘုရင်ကိုလည်း ကိုယ်တိုင် တွေ့ဆုံချင်ခဲ့တယ်လို့ တရားရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ခန်းဟာ ဘုရင်မကြီး အမှန်တကယ် မသေသေးဘဲ လှည့်ကွက်တစ်ခုခု ရှိနေတာလို့ ထင်ယောင်ထင်မှား ယူဆနေကြောင်း သိရပါတယ်။

 အစိုးရ ရှေ့နေတစ်ဦးဖြစ်တဲ့ လုခ်စတက်တန်က ခန်းဟာ ခေါင်းတလား ထားရှိရာ ဝက်စ်မင်စတာ ခန်းမထဲ ရောက်လာတဲ့နောက် သတ်မှတ် ဧရိယာကို ကျော်လွန်ပြီး ခေါင်းတလားဆီ ချဉ်းကပ်သွားချိန်မှာ သက်ဆိုင်ရာ အရာရှိတွေက သတိပြုမိသွားခဲ့ကြောင်း ပြောပါတယ်။

 သူဟာ အခေါင်းစဉ်နားမှာ ခင်းထားတဲ့ ကော်ဇောကို ကျော်ထွက်သွားပြီး ခေါင်းတလားပေါ်က တော်ဝင်မိသားစု အလံကို လက်နှစ်ဖက်နဲ့ လှမ်းဆွဲခဲ့ကြောင်း စတက်တန်က ဆိုပါတယ်။ တရားခွင်မှာလည်း ခန်းက သူဟာ ဘုရင်မကြီး ကွယ်လွန်သွားတာကို လက်မခံနိုင်လို့ ကိုယ်တိုင် စစ်ဆေးကြည့်ချင်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

 သူဟာ ဒီကိစ္စနဲ့ ပတ်သက်လို့ တော်ဝင် မိသားစုဆီ စာရေးသား ခွင့်တောင်းဖို့လည်း ကြံစည်ထားကြောင်း၊ တကယ်လို့ ပြန်စာသာ မရခဲ့ရင် ဝင်ဆာရဲတိုက်၊ ဘက်ကင်ဟမ် နန်းတော်နဲ့ ဘယ်လ်မိုရဲလ် အပန်းဖြေ နန်းဆောင်တွေထိ လိုက်သွားပြီး ဘုရင်မကြီးနဲ့ စကားပြောဖို့ စီစဉ်ထားကြောင်း ခန်းက ထွက်ဆိုပါတယ်။ အဲဒါမှ အဆင်မပြေသေးဘူး ဆိုရင်လည်း ဘုရင်မကြီးကို ရှာဖို့ နန်းဆောင်တွေထဲ ခိုးဝင်သင့် ဝင်ရမှာပဲလို့ ခန်းက ပြောပါသေးတယ်။

 ဒါမျိုး ဘယ်နှခါ လုပ်မလဲလို့ တရားသူကြီးက မေးတော့ ခန်းက သူအသက်ရှင်နေသ၍ လက်မလျှော့ဘူးလို့ ဖြေပါတယ်။ ခန်းဟာ ဝက်စ်မင်စတာ ခန်းမထဲမှာ ခေါင်းတလားနား ချဉ်းကပ်ခွင့်ရဖို့အတွက် နာရီပေါင်း အတော်များများ စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။