ပရီးမီးယားလိဂ် ပြန်စချိန်မှာ ဘုရင်မကြီးအပေါ် လေးစားချစ်ခင်မှုကို စုပေါင်းပြသ

ဘုရင်မကြီးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရပ်နားထားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြန်လည် စတင်ခဲ့ပြီး ကွယ်လွန်သူ ဘုရင်မကြီးအပေါ် လေးစားချစ်ခင်မှုတွေကို ပုံဖော် ပြသသွားခဲ့ပါတယ်။

ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်ခဲ့တဲ့နောက် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို တစ်ပတ်ကြာ ရပ်ဆိုင်းထားဖို့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာတော့ အက်စ်တန်ဗီလာနဲ့ ဆောက်သမ်တန်၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ဖူလ်ဟမ်တို့ ပွဲစဉ်နှစ်ခု ပြန်လည် စတင်ခဲ့ကြပါတယ်။

ပွဲစဉ်တွေ မစခင်မှာ ဘုရင်မကြီးအတွက် ဝမ်းနည်းမှု သင်္ကေတ အနေနဲ့ ဘောလုံးကွင်း တစ်ခုလုံး တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ကြပါတယ်။ အက်စ်တန် ဗီလာအသင်းရဲ့ ဗီလာပက်ခ် ကွင်းထဲမှာတော့ ပွဲကြည့်စင်တွေကိုပါ ခဏတာ အမှောင်ချထားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘုရင်စနစ်ကို ဆန့်ကျင်တယ်လို့ ယုံကြည်ရသူ တချို့ဆီက အော်ဟစ် လှောင်ပြောင်သံတွေ ထွက်လာပေမယ့် တစ်မိနစ် ငြိမ်သက်ပြီးနောက် တစ်မိနစ် လက်ခုပ်တီးကြတဲ့ အချိန်မှာတော့ အဲဒီအသံတွေ ဖုံးလွှမ်း ပျောက်ကွယ်သွားပါတယ်။

ပရိသတ်တွေက ဘုရင်အသစ် ချားလ်စ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ God Save the King သီချင်းကိုလည်း သံပြိုင် သီဆိုခဲ့ကြပါသေးတယ်။ ဘောလုံးကွင်းတွေမှာရှိတဲ့ LED Screenကြီးပေါ်မှာ ဘုရင်မကြီးရဲ့ ပုံတွေကိုလည်း တခမ်းတနား ဖော်ပြထားခဲ့ပါသေးတယ်။

ကစားသမားတွေ၊ မန်နေဂျာတွေနဲ့ ဒိုင်လူကြီးတွေ အားလုံးက ဝမ်းနည်းမှု သင်္ကေတ အနေနဲ့ အနက်ရောင် လက်ပတ်တွေ ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ ဗီလာနဲ့ ဖောရက်စ်တို့ရဲ့ အိမ်ကွင်း နှစ်ခုစလုံးမှာ ပွဲကစားချိန် မိနစ် ၇၀ ရောက်တော့ ပရိသတ်တွေက သောင်းသောင်းဖြဖြ လက်ခုပ်တီးခဲ့ကြပါတယ်။ ဒါဟာ ဘုရင်မကြီးရဲ့ နန်းစံသက် နှစ် ၇၀ ကို ဂုဏ်ပြုတာဖြစ်ပြီး နိုင်ငံတော် သီချင်းကိုလည်း သီဆိုကြပြန်ပါတယ်။

ပွဲစဉ်တွေ အပြီးမှာတော့ ဗီလာက ဆောက်သမ်တန်ကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ဖောရက်စ်ကတော့ ဧည့်သည် ဖူလ်ဟမ်အသင်းကို ၃-၂ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ အခု သီတင်းပတ်ကုန်မှာ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ခုကိုလည်း ပြန်လည် ယှဉ်ပြိုင်စေမှာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက် တွေ့ဆုံမှု အပါအဝင် ပွဲစဉ် ၃ ခုကတော့ ဘုရင်မကြီးရဲ့ နိုင်ငံတော် ဈာပန အခမ်းအနားနဲ့ တိုက်ဆိုင်နေပြီး ရဲအင်အား မလုံလောက်တာကြောင့် ဆက်ပြီး ရွှေ့ဆိုင်းထားဦးမယ်လို့ သိရပါတယ်။

 

Ref: The Sun