စစ်တိုက်ဖို့ ရွေးခဲ့တဲ့အပေါ် ပူတင်နဲ့ လူချင်းတွေ့ချိန်မှာ အိန္ဒိယ ဝန်ကြီးချုပ်ဝေဖန်

Photo- Business Insider

ယူကရိန်းကို ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက မျက်နှာချင်းဆိုင် ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

ဥဇဘက်ကစ္စတန်မှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးမှာ အိန္ဒိနဲ့ ရုရှားခေါင်းဆောင်တွေ သီးခြား တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ မိုဒီက ပူတင်အနေနဲ့ ယူကရိန်းကို စစ်ပြု တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။

မျက်မှောက်ခေတ်ဟာ စစ်ပွဲတွေကို ရွေးချယ်သင့်တဲ့ ကာလမျိုး မဟုတ်ကြောင်း၊ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ဖုန်းဆက်ဆွေးနွေးချိန်တုန်းကလည်း အသိပေးခဲ့ဖူးပြီးဖြစ်ကြောင်း မိုဒီက ပူတင့်ကို ပြောပါတယ်။

ပူတင်ကလည်း ယူကရိန်း ပဋိပက္ခအပေါ် အိန္ဒိယ ဝန်ကြီးချုပ်ရဲ့ ရပ်တည်မှုနဲ့ သဘောထားကို သိရှိပြီး မိုဒီ စိုးရိမ်နေတဲ့ အပေါ်မှာလည်း နားလည်ပါကြောင်း၊ သူကိုယ်တိုင်လည်း ဒီစစ်ပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်တန့်လိုတဲ့ ဆန္ဒ ရှိနေကြောင်း တုံ့ပြန်သွားပါတယ်။

ပူတင်ဟာ မိုဒီနဲ့ မတွေ့ဆုံခင် တစ်ရက်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့လည်း ယူကရိန်းအရေး ဆွေးနွေးခဲ့ပါသေးတယ်။ တရုတ် အစိုးရဟာ စစ်ပွဲရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေအပေါ် စိုးရိမ်ပေမယ့် စစ်ပွဲရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး ဘက်မျှတဲ့ ရပ်တည်မှုမျိုး ပြသခဲ့တဲ့အပေါ် အလေးအနက် တန်ဖိုးထားပါကြောင်း ပူတင်က ထုတ်ပြန်ပါတယ်။

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အနောက်မဟာမိတ် နိုင်ငံတွေက ရုရှားရဲ့ စွမ်းအင် တင်ပို့မှု ကဏ္ဍကို ပစ်မှတ်ထား ပိတ်ဆို့မှုတွေ လုပ်ဆောင်နေပေမယ့် တရုတ်နဲ့ အိန္ဒိယကတော့ ရုရှားနဲ့ ဆက်ဆံရေးကောင်းတွေကို ဆက်ထိန်းသိမ်းထားသလို ရုရှားဆီက ရေနံတွေ တင်သွင်း​ဝယ်ယူနေဆဲ ဖြစ်ပါတယ်။  

Ref: Business Insider

ပုံ – Business Insider