သုံ့ပန်းတွေ လဲကြဖို့ ရုရှားနဲ့ ယူကရိန်း သဘောတူထားတယ်လို့ တူရကီ သမ္မတပြော

ရုရှားနဲ့ ယူကရိန်းတို့ဟာ စစ်သုံ့ပန်း ၂၀၀ လောက်ကို အပြန်အလှန် လဲလှယ်ဖို့ သဘောတူခဲ့ကြောင်း တူရကီ အစိုးရက အသိပေး ပြောဆိုသွားပါတယ်။ 

တူရကီ သမ္မတ ရာဂျစ် တာယစ် အာဒိုဝမ်းက ၇ လကြာမြင့်ခဲ့တဲ့ စစ်ပွဲ ကာလတလျှောက် အခုကိစ္စဟာ နှစ်ဖက် စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ပတ်သက်လို့ အထင်ရှားဆုံး တိုးတက်မှု တစ်ခုလို့ အမေရိကန် ရုပ်မြင်သံကြားဌာန PBCကို မှတ်ချက် ပေးသွားခဲ့ပါတယ်။ 

အာဒိုဝမ်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဥဇဘက်ကစ္စတန်မှာ ကျင်းပတဲ့ အစည်းအဝေး တစ်ခုကို တက်ရောက်ရင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။ အာဒိုဝမ်းက ရုရှား-ယူကရိန်း သုံ့ပန်း လဲလှယ်ရေး ကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။ 

သုံ့ပန်း စုစုပေါင်း ၂၀၀ လောက်ကို လဲလှယ်ဖို့ နှစ်ဖက် ဆွေးနွေး သဘောတူထားကြောင်း၊ ဒါဟာ စစ်ပွဲနဲ့ ပတ်သက်ရင် သိသာထင်ရှားတဲ့ တိုးတက်မှု တစ်ခုလို့ ယူဆနိုင်ကြောင်း အာဒိုဝမ်းက ဆိုပါတယ်။ ဒါပေမဲ့ သုံ့ပန်း ၂၀၀ ဆိုတာ နှစ်ဖက် အရေအတွက် ညီညီမျှမျှ သတ်မှတ်ထားတာလား၊ အတိုးအလျော့တွေ ရှိသလား ဆိုတာကိုတော့ တူရကီ သမ္မတက သေချာ မပြောပါဘူး။ 

တူရကီဟာ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပေမယ့် ရုရှားနဲ့လည်း နီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပါတယ်။ စစ်ပွဲ ဖြစ်လာတဲ့အခါ တူရကီက ပီပီပြင်ပြင် ကြားနေခဲ့ပြီး ယူကရိန်းအတွက် တိုက်ခိုက်ရေး ဒရုန်းတွေ ပို့ဆောင် ထောက်ပံ့ပေးခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရုရှားအပေါ် NATO မဟာမိတ်တွေက အပြင်းအထန် စီးပွားရေး ပိတ်ဆို့ အရေးယူတာတွေနဲ့ တူရကီက ခပ်ကင်းကင်း နေခဲ့ပါတယ်။ 

အာဒိုဝမ်းက သူ့အနေနဲ့ ပူတင်ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ လိုလိုလားလား ရှိနေတာကို သဘောပေါက်ခဲ့ပြီး ဒီအတွက်လည်း လေးစားမိကြောင်း ပြောပါတယ်။ ပူတင်နဲ့ အကျေအလည် ဆွေးနွေးချိန်မှာ ရုရှား သမ္မတက သူဟာ ဒီစစ်ပွဲကို မြန်နိုင်သမျှ မြန်မြန် ဆုံးခန်းတိုင်စေချင်တယ်ဆိုတာ ထင်ထင်ရှားရှား ပြသခဲ့ကြောင်း အာဒိုဝမ်းက ပြောသွားပါတယ်။ 

PBCက ပူတင် အနေနဲ့ ကျူးကျော်စစ်ကို စခဲ့တဲ့အတွက် တာဝန်ယူဖို့ သင့်မသင့် မေးမြန်းတဲ့အခါ အာဒိုဝမ်းက ဒီပဋိပက္ခမှာ တစ်ဖက်ဖက်ကနေ ဝင်ရပ်တည်လို့ ဘယ်သူ့အတွက်မှ အကျိုးမရှိကြောင်း ရှောင်လွှဲ ဖြေဆိုသွားပါတယ်။ တစ်ဦးတစ်ယောက်အပေါ် ပစ်မှတ်ထားနေမယ့်အစား ဘက်ပေါင်းစုံ ပါဝင်တဲ့ ဖြေရှင်းမှု တစ်ခုကိုသာ ဦးတည်သင့်ကြောင်း သူက ဆိုပါတယ်။ 

ဒါ့အပြင် အာဒိုဝမ်းဟာ ပူတင်ရော၊ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုပါ တူရကီနိုင်ငံဆီ ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ တွန်းအားပေးနေကြောင်း အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Delta News

Read Previous

လောင်စာ ကုမ္ပဏီကြီးတွေကို အခွန်တိုးကောက်ဖို့ ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း

Read Next

ဘုရင်မကြီး တကယ်သေမသေ စစ်ကြည့်ချင်လို့ အဖမ်းခံခဲ့ရတဲ့ အမျိုးသား