တရုတ် မိုးမျှော်တိုက် တစ်လုံးမှာ အကြီးအကျယ် မီးလောင်မှုဖြစ်

 

တရုတ်က မြို့တစ်မြို့မှာ မိုးမျှော်တိုက်ကြီးတစ်လုံး မီးစွဲလောင်လို့ မြို့ခံတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံနှံ့နေတဲ့ ဗီဒီယိုတွေအရ ချန်ရှားမြို့မှာရှိတဲ့ ၄၂ ထပ် အဆောက်အအုံကြီးမှာ မီးတွေ အရှိန်ပြင်းပြင်း တောက်လောင်နေပြီး မည်းနက်တဲ့ မီးခိုးလုံးတွေ ထိုးတက်နေတာ တွေ့ခဲ့ရပါတယ်။

အဲဒီ အဆောက်အအုံဟာ တရုတ် ဆက်သွယ်ရေး လုပ်ငန်းစုကြီး တစ်ခုဖြစ်တဲ့ China Telecomရဲ့ ဒေသဆိုင်ရာ ရုံးခွဲ ဖြစ်ပါတယ်။ မိုးမျှော်တိုက်ကြီး မီးစွဲလောင်နေချိန်မှာ ရုံးဝန်ထမ်းတွေဟာ အလန့်တကြား ထွက်ပြေးခဲ့ကြတာကို တွေ့ရပါတယ်။

နာရီပေါင်း အတော်ကြာ အချိန်ယူပြီးတဲ့နောက် မီးကို ငြှိမ်းသတ်နိုင်ခဲ့ပြီလို့ အာဏာပိုင်တွေက ထုတ်ပြန်ပြီး အသေအပျောက် သတင်း မကြားရဘူးလို့ ပြောပါတယ်။ မီးကို ငြှိမ်းသတ်ဖို့အတွက် မီးသတ်ကား ၃၆ စီးနဲ့ မီးသတ်ဝန်ထမ်း ၃၀၀ ဝန်းကျင်လောက်ထိ အသုံးပြုခဲ့ရပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ ၇၁၅ ပေ အမြင့်ရှိတဲ့ မိုးမျှော်တိုက်ကြီးရဲ့ အပြင်ဖက် နံရံမှာ အဓိက မီးစွဲလောင်ခဲ့တာလို့ တွေ့ရှိခဲ့ပါတယ်။ စင်တင်ဘာ ၁၆ ရက် မီးလောင်မှုမှာ အဆောက်အအုံရဲ့ မျက်နှာစာ တစ်ခြမ်းလုံးနီးပါး လောင်ကျွမ်းခံရပြီး မည်းတူးသွားတာ တွေ့ရပါတယ်။

မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဒီအဆောက်အအုံကို ၂၀၀၀ ပြည့်နှစ်က ဆောက်လုပ် ပြီးစီးခဲ့ပြီး ချန်ရှားမြို့ရဲ့ အချက်အခြာကျတဲ့ နေရာမှာ တည်ရှိပါတယ်။ ချန်ရှားဟာ တရုတ်နိုင်ငံ တောင်ပိုင်းက ဟူနန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး လူဦးရေ ၁၀ သန်းလောက် နေထိုင်ပါတယ်။

အစိုးရပိုင် China Telecomကလည်း သူတို့ရဲ့ ချန်ရှား ရုံးခွဲမှာ မီးအပြင်းအထန် လောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း အတည်ပြု ကြေညာပြီး လူအသေအပျောက် မရှိခဲ့သလို ဒေသတွင်း ဆက်သွယ်ရေး ကွန်ရက်တွေ ပြတ်တောက်တာလည်း မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

တရုတ်မှာတော့ ပမာဏ ကြီးမားတဲ့ မီးလောင်မှုတွေ ရံဖန်ရံခါ ဖြစ်ပွားတတ်ပြီး အခုနှစ်ဆန်းပိုင်းကလည်း ရှန်ဟိုင်းက ဓာတုပစ္စည်း စက်ရုံတစ်ခုမှာ အကြီးအကျယ် မီးလောင်ခဲ့ပါသေးတယ်။

Ref: BBC