ကင်မွန်းချုံကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးပြီး ပစ္စည်းတွေခိုးယူ

Photo – CJ
ကလေးမြို့၊ မြစ်သာမြစ်အရှေ့ဘက်၊ ကင်မွန်းချုံရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မီးထပ်ရှို့ပြီး အိမ်ထဲက ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဒီမနက် ၁၀ နာရီခွဲလောက်မှာ တစ်အိမ်အိမ်ကို မီးစရှို့နေပြန်ပြီ။ မနေ့ကတော့ သုံးလုံးရှို့တယ်။ အိမ်ကောင်းတွေရွေးရှို့တာဗျ။ လက်နက်သံလည်း တစ်ချက်တစ်ချက်ကြားရတယ်” လို့ မြစ်သာမြစ်အနောက်ဘက်ကမ်းနေ ဒေသခံတစ်ဦးကပြောပါတယ်။
ကင်မွန်းချုံရွာမှာ လက်ရှိ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာ နေအိမ် ၅ လုံးခန့်ရှိပြီလို့ ဆိုပါတယ်။
ကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဇူလိုင် ၂၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ကတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် လက်နက်မမျှတဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ယာယီပြန်လည်ဆုပ်ခွာခဲ့ရတယ်လို့လည်း ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဒီကောင်တွေ မိုင်းထိတယ်ဗျ။ သေတော့သေတယ်။ အတိအကျမသိရပေမယ့် ၁၀ ယောက်ဝန်းကျင်တော့ရှိမယ်”လို့ဆိုပါတယ်။ ပကဖ ဘက်က စနိုက်ဘာသမားဟာ အကြမ်းဖက်စစ်သား သုံးယောက်ကို ပစ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
NUG ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဗိုလ်ကြီးတဦးအပါအဝင် အကြမ်းဖက်စစ်သား သုံးဦးသေဆုံးခဲ့တယ်လို့ ဇူလိူင်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။
ဒေသခံကာကွယ်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့စဥ်မှာ ကလေး PDF တပ်ရင်း ၂ က ရဲဘော်တစ်ဦး အကြမ်းဖက်စစ်တပ်ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီး ခြေတစ်ဖက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလိုတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဥယျာဥ်၊အင်းကျော်၊ကင်မွန်းချုံ၊ အူဒူရွာက ပြည်သူတွေဟာ ရွာတွေကိုစွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။