ပင်လယ်နက်ဆိပ်ကမ်းကနေ စပါးတင်ပို့ဖို့ ရုရှားနဲ့ ယူကရိန်း သဘောတူလက်မှတ်ရေးထိုး

Photo – Reuters

ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းကနေ စပါးတွေ တင်ပို့ခွင့်ပြုဖို့အတွက် ရုရှားနဲ့ ယူကရိန်း တာဝန်ရှိသူတွေက ဇူလိုင်လ ၂၂ရက်နေ့မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီသဘောတူညီချက်ဟာ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ဖြေလျှော့ပေးမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ တူရကီသမ္မတ ရီဆက်ပ်တေယစ်အာဒိုဂန်တို့က ပြောဆိုထားပါတယ်။

စစ်ဖြစ်နေတဲ့ ရုရှားနဲ့ ယူကရိန်းဟာ  ကမ္ဘာ့စားနပ်ရိက္ခာအများဆုံး တင်ပို့ရောင်းချတဲ့နိုင်ငံတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ရုရှားရဲ့ ကျူးကျော်စစ်ဟာ ပင်လယ်နက်ကို လုံးဝပိတ်ဆို့သွားစေခဲ့တာကြောင့် ယူကရိန်းရဲ့ပို့ကုန်တွေဟာ စစ်ပွဲမဖြစ်ခင်ကထက် ၆ ပုံ ၁ ပုံ ကျဆင်းသွားခဲ့ရပါတယ်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တူရကီနိုင်ငံရှိ အစ္စတန်ဘူလ်မြို့ရဲ့  Dolmabahce နန်းတော်မှာကျင်းပခဲ့တာဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် နဲ့  တူရကီသမ္မတ အာဒိုဂန် တို့ရဲ့ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့ ယူကရိန်းနိုင်ငံရဲ့ အခြေခံအဆောက်အအုံဝန်ကြီး Oleksandr Kubrakov တို့ဟာ ဇူလိုင်လ ၂၂ရက်နေ့မှာ သီးခြားစီ လက်မှတ်ရေးထိုးခဲ့ကြပြီး သူတို့ဟာ စားပွဲတစ်ခုတည်းမှာ ထိုင်တာ လက်ဆွဲနှုတ်တာတွေကို မလုပ်ခဲ့ကြပါဘူး။

သောကြာနေ့ သဘောတူညီချက်အရ အရင်နှစ်က ရိတ်သိမ်းထားပြီး အခုတင်ပို့နိုင်တဲ့ ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ စပါးတန်ချိန် သန်း ၂၀ ခန့်ကို တင်ပို့ရောင်းချနိုင်မှာဖြစ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောဆိုပါတယ်။

သဘောတူညီချက်ကတော့ ရက်ပေါင်း ၁၂၀ သက်တမ်းရှိမှာဖြစ်ပြီး နောက်ထပ်ညှိနှိုင်းတာတွေမရှိပဲ အလိုအလျောက်သက်တမ်းတိုးနိုင်တယ်လို့ သိရပါတယ်။