မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားပပျောက်ရေး ILO တိုက်တွန်

ကိုဗစ်ကပ်ရောဂါအပြင် တပ်မတော်က အာဏာသိမ်းယူတာနဲ့ လက်နက်ကိုင် ပဋိပက္ခစတဲ့ အဖက်ဖက်က သက်ရောက်မှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ အလုပ်အကိုင်ဆုံးရှုံးမှု ၁ ဒဿမ ၆ သန်းခန့်ရှိမယ်လို့ ခန့်မှန်းပြီး
မိသားစုတွေထဲက ကလေးတွေ ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်လာရမှု ပိုများလာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့ ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြထားတာပါ။
“မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေနဲ့ ဆိုးရွားတဲ့ မြန်မာ့စီးပွားရေးကြောင့် မိသားစုအမြောက်အမြားဟာ ဆင်းရဲ၊ ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်လာနေရပါတယ်။ ဒီလိုအကျပ်အတည်းကာလလိုမျိုးမှာ ကလေးအလုပ်သမားအဖြစ် ကနေ နည်းလမ်းမျိုးစုံနဲ့ ကာကွယ်၊ တားဆီးဖို့အတွက် လူမှုအကာအကွယ်ပေးရေး အစီအစဥ်တွေကို ပါဝင်ပတ်သက်သူတွေအားလုံး ဒီထက်ပိုပြီး အတူတူကြိုးပမ်းအားစိုက် လုပ်ဆောင်ဖို့လိုအပ်ပါတယ်”လို့ ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်/ဆက်သွယ်ညှိနှိုင်းရေး အရာရှိ Mr Donglin Li က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အသက် (၅) နှစ်နဲ့ (၁၇) နှစ်ကြားရှိတဲ့ ကလေးပေါင်း ၁၂ သန်းခန့်ဟာ ၁၀ဦးမှာ ၁ ဦးနှုန်း ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရပြီး၊ မကြာခဏ ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းတွေနဲ့ အသက်အန္တရာယ်ရှိသော လုပ်ငန်းတွေမှာ စွန့်စားလုပ်ကိုင်နေရတာကို တွေ့ရတယ်လို့ ဆိုထားပါတယ်။
ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဉ္စမအကြိမ်မြောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကမ္ဘာ့ညီလာခံ အပြီးမှာ ကလေးအလုပ်သမားပပျောက်ရေးနဲ့ ကာကွယ်တားဆီးရေးတို့အတွက် အရှိန်မြှင့်လုပ်ဆောင်ဖို့ အိုင်အယ်လ်အိုမြန်မာက တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လကစပြီးကျင့်သုံးခဲ့တဲ့ Durban Call to Action ဒါဘန်လှုံ့ဆော်ချက်အရ လုပ်ငန်းခွင်ဝင်ရောက်နိုင်တဲ့ အနိမ့်ဆုံးအသက်ကျော်လွန်တဲ့ အရွယ်ရောက်ပြီးသူနဲ့ လူငယ်တွေအတွက် သင့်တင့်ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိရေးအတွက်လည်း ဆောင်ရွက်သွားမယ့် ကတိကဝတ်ကိုလည်း ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
ILO ရဲ့ လတ်တလောထွက်ရှိထားသော အစီရင်ခံစာအရ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားရတဲ့ နိုင်ငံတွေမှာ ကလေးအလုပ်သမားနှုန်းဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းများထက် ၇၇ ရာခိုင်နှုန်း၊ ဘေးအန္တရာယ်ရှိတဲ့အလုပ်ခွင်မှာလုပ်ကိုင်နေရတဲ့ ကလေးအလုပ်သမားနှုန်းဟာ ၅၀ ရာခိုင်နှုန်း ပိုမိုများပြားနေတယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေတွေကြောင့် မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားအခြေအနေကို ပိုမိုဆိုးရွားစေနိုင်တယ်ဆိုတာ အဲဒီ့အချက်တွေက ညွှန်ပြနေတယ်လို့ ဖော်ပြထားပါတယ်။