အတင်းအဓမ္မစစ်မှုထမ်းခိုင်းမှုက အဓမ္မခိုင်းစေခြင်းဖြစ်လို့ ILOအနေနဲ့ စစ်ကောင်စီကိုအမြန်ဆုံးအရေးယူပေးဖို့ CTUMတောင်းဆို

ဖေဖော်ဝါရီ၊ ၁၃

စစ်ကောင်စီက ပြည်သူ့စစ်မူထမ်းဥပဒေကိုအသက်သွင်းလိုက်ပြီး အတင်းအဓမ္မစစ်မူထမ်းခိုင်းတာဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ပြဌာန်းချက်ဖြစ်တဲ့ အဓမ္မစေခိုင်းမူကိုချိုးဖောက်ရာရောက်တာကြောင့် အမြန်ဆုံးအရေးယူပေးဖို့ မြန်မာနိူင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အမိန့်ကြော်ငြာစာကိုCTUMက  ရှုတ်ချကြောင်းကြေညာချက်ကို ဒီနေ့မှာထုတ်ပြန်လိုက်ပြီး စစ်အုပ်စုရဲ့အဓမ္မစေခိုင်းမူလုပ်ရပ်အပေါ်အရေးယူပေးဖို့ကိုပါထည့်သွင်း တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။

“စကစ ရဲ့လုပ်ရပ်တွေကို တားဆီးဖို့ကအရေးပေါ်လိုအပ်နေတာ။ CTUMရဲ့ တောင်းဆိုမူကိုလက်ခံတယ်။ နိူင်ငံတကာအနေနဲ့လုပ်နိူင်တဲ့အရာလုပ်ပေးဖို့ဆန္ဒပြုပါတယ်”လို့ ပြည်တွင်းအလုပ်သမားအရေးလူပ်ရှားသူတဦးကပြောပါတယ်။

အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာဟာ အဓမ္မခိုင်းစေမှု ဖြစ်သလို အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ILO ရဲ့အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် Commission of Inquire –  COI အစီရင်ခံစာကို သဘောမတူကြောင်း ထုတ်ဖော်ပြောဆိုထားတယ်လို့ CTUMရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။

COlအနေနဲ့မြန်မာနိူင်ငံမှာILOပြဌာန်းချက်တွေဖြစ်တဲ့ အတင်းအဓမ္မစေခိုင်းမူနဲ့လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းမူချိုးဖောက်မူတွေရှိနေတယ်ဆိုတဲ့ တွေ့ရှိချက်အစီရင်ခံစာကိုပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကထုတ်ပြန်ထားပြီး အဲဒီအစီရင်ခံစာအပေါ်မူတည်ပြီးILOကမြန်မာနိူင်ငံအပေါ်အရေးယူတာတွေလုပ်ဖို့ရှိနေတာဖြစ်ပါတယ်။

COIရဲ့အစီရင်ခံစာထွက်ပြီးလပိုင်းအကြာမှာပဲ စစ်ကောင်စီက ပြည်သူ့စစ်မူထမ်းဥပဒေကို စတင်အသက်သွင်းလိုက်တာကြောင့် ILOနဲ့နိူင်ငံတကာကို အရေးမစိုက်ကြောင်းပြသလိုက်ရာရောက်တယ်လို့လည်း စောင့်ကြည့်သူတွေကဆိုပါတယ်။

အဲဒီလို စစ်အုပ်စုရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ CTUM က အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်- ITUC နဲ့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်-Global Unions တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီ အပေါ် အရေးယူမှုကို  ILO ရဲ့ လာမယ့် ဇွန်လမှာ ပြုလုပ်မယ့် International Labor Conference – ILC ထိ မစောင့်ဘဲ မတ်လမှာပြုလုပ်မယ့် ILO Governing Body အုပ်ချုပ်ရေးအဖွဲ့မှာ ILO ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ(၃၃)ကို အမြန်ဆုံး အတည်ပြုပေးဖို့တိုက်တွန်းတောင်းဆိုတယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ILOဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၃၃)ဟာ အလုံးစုံကန့်သတ်ပိတ်ဆို့အရေးယူတာဖြစ်ပြီး မြန်မာနိူင်ငံအနေနဲ့ ၂၀၀၀ ပြည့်နှစ်မှာ အဲဒီပြဌာန်းချက်နဲ့အရေးယူခံရဖူးတဲ့အစဥ်အလာရှိခဲ့ပါတယ်။

အဲဒီအရေးယူမူကြောင့် မြန်မာနိူင်ငံက ပြည်ပရင်းနှီးမြုပ်နှံမူတွေထွက်သွားခဲ့ရကာ စီးပွားရေးထိခိုက်မူဆိုးရွားစွာဖြစ်ပေါ်ခဲ့ရတယ်လို့ အလုပ်သမားအရေးလူပ်ရှားသူတွေကဆိုပါတယ်။

“နောက်တကြိမ်အရေးယူခံရရင်နိူင်ငံတကာမှာ မြန်မာနိူင်ငံပုံရိပ်မျက်နှာပျက်စရာဖြစ်ရသလို စစ်အုပ်စုလည်းထိခိုက်မူကြီးကြီးမားမားကြုံရဖို့ရှိတယ်”အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးကပြောပါတယ်။