မြန်မာမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေကို စုံစမ်းဖို့ ILO က ကော်မရှင်ဖွဲ့

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း နိုင်ငံတကာ အလုပ်သမား စံချိန်စံညွှန်းတွေ ချိုးဖောက်နေတာနဲ့ ပတ်သတ်ပြီး စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကလေးသူငယ်တွေ အပါအဝင် အရပ်သားတွေကို သေစေလောက်တဲ့ အကြမ်းဖက်မှုတွေ တိုးမြင့်လာတာနဲ့ မလွှကုန်း မီးရထား သမဂ္ဂအဖွဲ့ဝင် အောင်ကိုလတ်ကို ဖမ်းဆီးနှိပ်စက်တာ စတဲ့ လုပ်ရပ်တွေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်ပြီး ဒီလိုလုပ်ရပ်တွေ ချက်ချင်းရပ်ဖို့ စစ်တပ်ကို တောင်းဆိုတယ်လို့ ဆိုထားပါတယ်။
နှောင့်ယှက် ခြိမ်းခြောက်တာတွေ ဆက်လုပ်နေတာနဲ့ ရိုဟင်ဂျာအပါအဝင် အလုပ်သမား တက်ကြွလှုပ်ရှားသူတွေ အလုပ်သမား သမဂ္ဂတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေကိုလည်း ရှုတ်ချတယ်လို့ ILO ရဲ့ ဖြေရှင်းချက်အစီရင်ခံစာက ပြောပါတယ်။
အကြမ်းဖက်မှု၊ မတရားဖမ်းဆီးချုပ်နှောင်ခံရတာကနေ ကင်းဝေးပြီး လွတ်လပ်လုံခြုံမှုရှိတဲ့ အခြေအနေမှာ အလုပ်သမားတွေနဲ့ အလုပ်ရှင်အဖွဲ့အစည်းအဝေးတွေဟာ သူတို့ရဲ့ ရပိုင်ခွင့်တွေကို ကျင့်သုံးနိုင်ရေး မြန်မာနိုင်ငံအနေနဲ့ အသေအချာဆောင်ရွက်သင့်တယ်လို့ ဖော်ပြထားပါတယ်။
စုံစမ်းရေးကော်မရှင်ဟာ ILO ရဲ့ အဆင့်အမြင့်ဆုံး စုံစမ်းစစ်ဆေးရေးလုပ်ထုံးလုပ်နည်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတစ်ခုမှာ ပြင်းထန်တဲ့ ချိုးဖောက်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံရပြီး ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အကြိမ်ကြိမ်ငြင်းဆိုခံရတဲ့အခါမှာ ကော်မရှင်ကို ဖွဲ့စည်းလေ့ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ အခုလို ကော်မရှင်ကို ၁၄ကြိမ်သာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။