မြန်မာနိုင်ငံမှာ အလုပ်အကိုင် ၁.၆သန်း ဆုံးရှုံးခဲ့တယ်လို့ ILO ထုတ်ပြန်

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း အလုပ်အကိုင် ၁ ဒဿမ ၆ သန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ပြောပါတယ်။

စက်ရုံအလုပ်ရုံတွေ ၊ ခရီးသွားလုပ်ငန်းနဲ့  ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်မှု လျော့နည်းလာတာကြောင့် အမျိုးသမီးတွေဟာလည်း ကပ်ရောဂါဖြစ်ပွားမှုနဲ့ စစ်အာဏာသိမ်းမှုအကြား အဆိုးရွားဆုံး ဆုတ်ယုတ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ILO အစီရင်ခံစာက ဆိုပါတယ်။

ဇန်နဝါရီလ ၂၈ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊၊ အကြမ်းဖက်မှု၊ မလုံခြုံမှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှုတွေဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုရဲ့ အဓိကပြဿနာတွေအပေါ် လွှမ်းခြုံထားတာကြောင့် နိုင်ငံဟာ “ဘက်ပေါင်းစုံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း”နဲ့ ရင်ဆိုင်နေရတယ်လို့ ILO က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လုပ်ငန်းတွေ ရပ်သွားချိန်မှာပဲ အလုပ်သမားအာလုံးရဲ့ ၈ရာခိုင်နှုန်းလောက်ဟာ အလုပ်လက်မဲ့သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ခန့်မှန်းထားပါတယ်။

အလုပ်သမား အများစုဟာ လုပ်ခလစာနည်းပါတဲ့ အလုပ်အကိုင်တွေ ဒါမှမဟုတ် လယ်ယာလုပ်ငန်းခွင်တွေကို ပြောင်းရွေ့လုပ်ကိုင်သွားခဲ့ကြတယ်လို့ ILO က ပြောပါတယ်။

မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူ အားလုံးရဲ့ ထက်ဝက်နီးပါးဟာ စိုက်ပျိုးရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်ကြပြီး မြန်မာနိုင်ငံရဲ့ လယ်ဟာစိုက်ပျိုးရေးလုပ်ငန်းဟာလည်း စစ်အာဏာသိမ်းပြီးနောက် ပို့ကုန်ကျဆင်းတာ ၊ ဈေးကောင်းမရတာနဲ့ စတဲ့ ရိုက်ခတ်မှုုဒဏ်တွေကို ခံစားခဲ့ရတယ်လို့ သုံးသပ်ထားပါတယ်။