စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတစ်ကမ္ဘာလုံးက ရှုတ်ချခဲ့ပေမယ့်ထိရောက်တဲ့ အရေးယူမှုမရှိ

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးက ပြစ်တင်ရှုတ်ချခဲ့ကြပေမယ့်ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet ကဝေဖန်လိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက တက်တက်ကြွကြွတုံ့ပြန်ဆောင်ရွက်ခြင်းမရှိခဲ့တဲ့အပေါ်  စိတ်ပျက်တုန်လှုပ်မိတယ်လို့ လည်း Michelle Bachelet က ပြောလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ တစ်နှစ်နီးပါးကြာခဲ့တဲ့အချိန်အတွင်း စစ်ခေါင်းဆောင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်ခဲ့ပြီးအခုထိတိုင် ပြစ်ဒဏ်ကနေလည်း လွတ်ကင်းနေတုန်းပဲဖြစ် တယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အရပ်ဖက်အုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်ဖို့အတွက် နိုင်ငံတကာဖိအားတွေ ပိုပေးကြဖို့လည်းသူကတိုက်တွန်းခဲ့ပါတယ်။

မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီရေးအတွက် သူမတူတဲ့ သတ္တိတွေနဲ့ ခံနိုင်ရည်ရှိမှုတွေကိုပြသခဲ့ကြတယ်လို့ သူ က ပြောသလိုနိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီပြဿနာကို အဆုံးသတ်ဖို့အတွက် ခိုင်မာတဲ့လုပ်ဆောင်ချက်တွေကနေတစ်ဆင့် မြန်မာပြည်သူတွေကို ထောက်ခံအားပေးသွားမယ်ဆိုတဲ့ သန္ဒိဌာန်ခိုင်မာမှုကို အခုအခါမှာ ပြသသွားရမှာဖြစ်တယ်လို့ လည်းဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ အာဏာသိမ်းမှုကို မြန်မာပြည်သူအားလုံးနီးပါးက ကန့်ကွက်ခဲ့ကြပြီး အကြမ်းဖက်စစ် အုပ်စုဟာသူ့ရဲ့ အာဏာကို ခိုင်မာအားကောင်းအောင်မလုပ်နိုင်ခဲ့ဘူးလို့ လည်း ကုလလူ့အခွင့်ရေးဆိုင်ရာ အကြီးအကဲရဲ့ ပြောခွင့်ရ Rupert Colville ကပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ဖေဖေါ်ဝါရီ၁ရက်နေ့ကစပြီးအကြမ်းဖက်စစ်အုပ်စုဝင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ

အတိုက်အခံဒီမိုကရေစီအင်အားစုတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တာကြောင့် ကျဆုံးပြည်သူ၁၅၀၀ကျော်သွားပြီဖြစ်ပြီးအဲဒီထဲမှာ လက်နက်ကိုင်တိုက်ပွဲတွေ နဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးတဲ့သူတွေ မပါဝင် သေး ဘူးလို့လည်းသူကဆိုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာရုံး (OHCHR) အနေနဲ့ မြန်မာနိုင်ငံမှာ နေ့စဉ်ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားပြီး၊အဲဒီထဲက အများစုဟာ မြန်မာစစ်တပ်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်တာဖြစ်တယ်လို့ သူကပြောပါတယ်။