မြန်မာလုပ်ငန်းခွင်တွေထဲ အကြမ်းဖက်ဖိနှိပ်မှုတွေကို တားဖို့ ILO တောင်းဆို

၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်ဖိနှိပ်မှုတွေ ကို တားဆီးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်( ILO ) တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းလုပ်ငန်းခွင်တွေ မှာ အကြမ်းဖက်ခံရမှုတွေနဲ့ ခြိမ်းခြောက်နှောက်ယှက်မှုတွေ ပိုများလာတဲ့ သတင်းတွေကို ILO က လက်ခံရရှိထားတယ်လို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric ကနယူးယောက်မြို့ ဒီဇင်ဘာ၃ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

လုပ်ငန်းခွင်တွေထဲ  အကြမ်းဖက်ခံ ခြိမ်းခြောက်နှောက်ယှက်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်သလိုလုပ်ငန်းခွင်အတွင်းရှိလုပ်သားတွေရဲ့သာယာဝပြောမှုကို ထိခိုက်စေတယ်လို့လည်း ပြောပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းရှိ အထည်ချုပ်ဝန်ထမ်းတစ်ဦးက ‘အခုအကုန်လုံးကိုကြောက်နေရပါတယ်။လုပ်ငန်းခွင်ထဲက အလုပ်ရှင်၊အလုပ်သမားဆက်ဆံရေးဟာ NLD အစိုးရလက်ထက်က အလုပ်သမားတွေပြောရေးဆိုခွင့်ရှိသလောက် အခုကတော့ အရင်စစ်အစိုးရခေတ်ပုံစံမျိုး မကျေနပ်ရင်ထွက်ပါပဲ။အခုချိန်မှာ တစ်ခုခုပြောမိရင် စစ်တပ်ကိုခေါ် ဖမ်းခိုင်းလို့ရတယ်ဆိုတော့ ကိုယ့်အခွင့်အ ရေးတောင်းဆိုဖို့ အင်မတန်စဉ်းစားလာရပြီ’လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးလာခြင်း၊ဥပဒေစိုးမိုးမှုမရှိတော့ခြင်းနဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖမ်းရုံတင်မက သတ်ဖြတ်တဲ့အထိ ကျူးလွန်လာခြင်းတို့အရ အလုပ်သမားတွေကို ဘာအခွင့်အရေးမှ မပေးချင်တဲ့အလုပ်ရှင်တွေဟာ အကြမ်းဖက်စစ်တပ်အားကိုးနဲ့ခေါင်းထောင်လာကြတယ်လို့လည်း သူကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အကြမ်းဖက်ဖိနှိပ်မှုတွေဟာ တန်းတူအခွင့်အရေးကို ထိခိုက်စေသလို သင့်တင့်လျောက်ပတ်တဲ့ လုပ်ငန်းခွင်အဖြစ် မသတ်မှတ်နိုင်ကြောင်းလည်း ILO ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြောဆိုသွားပါတယ်။

ILO ရဲ့ ထုတ်ပြန်ချက်မှာ ကိုဗစ်ကပ်ရောဂါကာလ ကမ္ဘာတစ်ဝန်းက လုပ်ငန်းခွင်တွေမှာ အကြမ်းဖက်ခံရမှုတွေနဲ့ ခြိမ်းခြောက်နှောက်ယှက်မှုတွေ တိုးလာကြောင်းလည်း ဖော်ပြထားပါတယ်။