စစ်ကိုင်းမှာ စစ်သားတွေပါတဲ့ ၁၂ ဘီးကားမိုင်းထိ

စစ်ကိုင်းမြို့နယ်၊ သိမ်တော်ရွာအနီးမှာ အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ ၁၂ ဘီးကား မိုင်းထိခဲ့ရာ ထိခိုက်မှုများတယ်လို့ သိရပါတယ်။
ဇွန် ၁၀ ရက်နေ့ည ၉ နာရီလောက်မှာ The Pantagram ငါးထောင့်ကြယ်နဲ့ အညာသားလေး SGG ညီနောင်မဟာမိတ် ၂ ဖွဲ့ပူးပေါင်းပြီး စစ်ကားတန်း ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နောက်ဆုံးက လိုက်ပါလာတဲ့ ၁၂ ဘီးကားကို ထိမှန်သွားခဲ့ကြောင်း The Pantagram ကဒီကနေ့ ထုတ်ပြန်ပါတယ်။
‘မိုင်းထိတဲ့နေရာဝန်းကျင်က ဒေသခံတွေပြောတာကတော့ ညကမိုင်းထိပြီးတော့ လူနာတင်ယာဉ်တွေ တော်တော်လာတယ်လို့သိရတယ်။ ဘယ်နှစ်ယောက်သေသလဲဆိုတာတော့ ဒေသခံတွေလည်း သွားမကြည့်ရဲတော့ မသိရသေးဘူး’ လို့ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
မိုင်းဆွဲခံရမှုကြောင်း စစ်သားတွေထိခိုက်မှုများတယ်လို့ သိရပေမဲ့ နယ်မြေအနေအထားအရအတည်မပြုနိုင်သေးဘူးလို့ The Pantagram က ထုတ်ပြန်ပါတယ်။
တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ်။