မိုင်းဆွဲခံရတဲ့စစ်ကားက ပစ်ခတ်လို့ ခရီးသည်တင်ကားပေါ်က တဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းမုံရွာ-စစ်ကိုင်းလမ်းပေါ်မှာ ဒီဇင်ဘာ (၂၄) ရက်ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကားက ပစ်ခတ်လို့ အဲ့ဒီလမ်းပေါ်သွားလာနေတဲ့ ခရီးသည်တင်ကားပေါ်က ခရီးသွားအမျိုးသမီးတဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ စစ်ကိုင်းသတင်းမှန်ပြန်ကြားရေး အဖွဲ့ဆီကသိရပါတယ်။.

ပစ်ခတ်ခံရတဲ့ ခရီးသည်တင်ကားဟာ ပြင်ဦးလွင်- မုံရွာ-နေပြည်တော် ပြေးဆွဲနေတဲ့ ဟိန်းစတားခရီး သည်တင် လိုင်းကားဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်ကားကို ကျော်တက်ဖို့ ကြိုးစားနေချိန်မှာ ပစ် ခတ်ခံရတာဖြစ်တယ်လို့ စစ်ကိုင်းသတင်းမှန် ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။

“တပ်မ (၃၃) စစ်ကား မြင်းမူဘက်သွားတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်၊ တိုက်ခိုက်ခံရတော့ ရမ်းသန်းပြစ်ကြတာ၊ ခရီးသည်တင်ကားက စစ်ကားကို ကျော်အတက်မှာ ပစ်ခတ်ခံရတာ” လို့ အဲ့ဒီအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကားက အပြင်းမောင်းနှင်းရင်း ပစ်ခတ်မှုတွေလုပ်ခဲ့ပြီး အဲ့ဒီစစ်ကား ကို ကျော်တက်ဖို့ကြိုးစားနေတဲ့ ခရီးသည်တင်ကားပေါ်က ခရီးသည်တွေကို ထိမှန်ခဲ့တာ ဖြစ်တယ်လို့ဆို ပါတယ်။

အဲ့ဒီလိုထိမှန်တာကြောင့် ခရီးသည်တင်ကားပေါ်က အမျိုးသမီးနေရာမှာပဲ သေဆုံးခဲ့သလို၊ ခရီးသွား အဘွားအိုတဦး ခြေထောက်ကျည်ထိဒဏ်ရာ၊ ယာဥ်မောင်းအမျိုးသားက မျက်လုံးကျည်ထိဒဏ်ရာတွေ ရခဲ့ကြတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းကို စစ်ကိုင်းဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ထိ ခိုက်ဒဏ်ရာရသူနှစ်ဦးကိုလည်း ဆေးဝါးကုသပေးနေသလို တခြားခရီးသည်တွေကိုတော့ ကားပြောင်း ပေးခဲ့တယ်လို့ ဟိန်းစတား ယာဉ်လိုင်းတာဝန်ခံကDNA ကိုပြောပါတယ်။

လက်ရှိမှာ ဒီကနေ့မနက်ပိုင်းကစပြီး စစ်ကိုင်း-မုံရွာလမ်းကို အသုံးမပြုဖို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ထားပါတယ်။