စစ်အုပ်စုရွေးကောက်ပွဲ မဖြစ်မြောက်ရေး နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမယ်

အကြမ်းဖက်စစ်အုပ်စုပြုလုပ်မယ့်ရွေးကောက်ပွဲကို ဟန့်တားနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားသွားမယ် လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။
စစ်အုပ်စုက ၂၀၂၃ခုနှစ်ဩဂုတ်လမှာ ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက လုံးဝအသိအမှတ်မပြုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ မနေ့ကထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ သူက အဲဒီလိုပြောကြားခဲ့ပါတယ်။
‘ကျွန်တော်တို့နဲ့အတူ ဆက်စပ်ဆောင်ရွက်နေတဲ့ အင်အားစုအသီးသီးနဲ့ ပူးပေါင်းပြီးတော့ ရွေးကောက်ပွဲမဖြစ် မြောက်ရေး၊တားဆီးနိုင်ရေးကိစ္စ၊အကယ်၍ ရွေးကောက်ပွဲကို သူတို့အတင်းလုပ်လာမယ်ဆိုရင် ရွေးကောက်ပွဲ ကိုပြည်သူလူထုအနေနဲ့ အထူးသဖြင့် သပိတ်မှောက်ဖို့ အသိအမှတ်မပြုဖို့ ဒီကိစ္စကို ကျွန်တော်တို့ဆော်ဩသွားမှာဖြစ်တယ်။လက်တွေ့လည်း ဒီရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံ ဟန့်တားနိုင် အောင် ကျွန်တော်တို့ ကြိုးစားသွားမှာဖြစ်တယ်’လို့ ဦးအောင်မိုးဇော်ကပြောပါတယ်။
စစ်အုပ်စုဟာ ကြံ့ဖွံ့ပါတီနဲ့ သူ့အပေါင်းအပါပါတီတွေလောက်နဲ့တင်ရွေးကောက်ပွဲလုပ်သွားမယ်ဆိုတဲ့လက္ခဏာမျိုး တွေ့နေရတယ်လို့ သူကဆိုပါတယ်။
စစ်အုပ်စုပြုလုပ်မယ့်ရွေးကောက်ပွဲကို ဒီမိုကရေစီအင်အားစုဝင် နိုင်ငံရေးပါတီတွေထဲက လက်ခံတာမျိုး အခုချိန်ထိမတွေ့ရသေးဘူးလို့လည်း သူကပြောပါတယ်။
‘ပြည်သူကို တကယ်ပဲမျက်နှာမူတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကဒီရွေးကောက်ပွဲကို လက်ခံဖို့ဆိုတာ အတော်ခက်ခဲပါတယ်’လို့ ဦးအောင်မိုးဇော်ကပြောပါတယ်။
ဒီကနေ့ကာလမှာ လိုအပ်နေတာ ရွေးကောက်ပွဲမဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
‘ကနေ့ကာလမှာလိုတာက ကျွန်တော်တို့နားလည်မှုက စစ်တပ်က သူ့နေရာသူပြန်ဖို့ပဲ။အဓိကက နိုင်ငံရေးက ထွက်ဖို့ပဲဖြစ်တယ်’လို့ သူကပြောပါတယ်။
စစ်အုပ်စုပြုလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲဟာ ဒီကနေ့ ဆင်နွှဲ နေတဲ့ နွေဦးတော်လှန်ရေးကြီးနဲ့ ပြည်သူတစ်ရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်ပို့ဖို့ ကြံစည်အားထုတ်မှုတရပ် ဖြစ်သလိုနွေဦးတော်လှန်ရေး ရည်မှန်းချက်တွေကို ဆန့်ကျင် ဖျက်ဆီးဖို့၊ အင်အားစုအသီးသီးကြား အတွေးအကြံတွေ ရှုပ်ထွေးသွားစေဖို့၊ အင်အားစုအသီးသီးကြား သွေးစည်း ညီညွတ်ရေး လျော့ရဲသွားစေဖို့နဲ့ဒီနေ့ စစ်အုပ်စုရင်ဆိုင်နေရတဲ့ အကျပ်အတည်းပေါင်းစုံကနေ ရုန်းထွက်ဖို့ ရည်ရွယ်ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။