ပခုက္ကူ-ရေစကြို ကားလမ်းမပေါ် မိုင်းထိပြီး စစ်သား ၂ ဦးသေ

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို ကားလမ်းမပေါ် အကြမ်းဖက်စစ်သားနဲ့ပျူစောထီးတို့စီးလာတဲ့ အဖြူရောင် Hijet ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ဒီနေ့မနက် ၉ နာရီခွဲလောက်က ပခုက္ကူ-ရေစကြို ကားလမ်းမပေါ်ရှိ ကျီးကန်ရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါလာတဲ့ ၇ ဦးအနက် ၅ ဦးမှာလည်း ပြန်လည်တိုက်ခိုက်မှုမလုပ်နိုင်တဲ့အထိ အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ရေစကြို PDF ကထုတ်ပြန်ပါတယ်။
‘မိုင်းထိပြီး ကားလည်းအဲဒီမှာတစ်ခါတည်းရပ်နေတယ်။ပြီးတော့မှ တခြားကားနဲ့လာခေါ်သွားရတယ်လို့ဖုန်း သတင်းကြားရတယ်။ ဒဏ်ရာရတဲ့ကောင်တွေ ထပ်သေ၊ မသေတော့ နောက်ထပ်သတင်းမကြားရသေးဘူး’ လို့ ရေစကြိုမြို့ အမှတ် ၁ ရပ်ကွက်နေ လူငယ်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Yesagyo PDF နဲ့အတူ Northern Yesagyo (N-YSO) ပြောက်ကျားတပ်၊ Myaing Rural Guerilla Force နဲ့ Steel Hawk (သံမဏိသိန်းငှက်) PDF -Myaing Township တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။