ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ဆန္ဒပြသူတွေကို အကြမ်းဖက်စစ်အုပ်စုက နှစ်ဖက်ပိတ်ပစ်ခတ်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှာ မနေ့က ဇွန်လ(၁၀) ရက်နေ့ညနေပိုင်းက ကလေးမြို့ပင်မသပိတ် စစ်ကြောင်းက မြို့လယ် ဆိပ်ကမ်းသာတံတားပေါ်မှာ စာတမ်းချိတ်ဆွဲဆန္ဒပြနေချိန် အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“ပစ်ခတ်ခံရတာဟုတ်ပါတယ်ဗျ။ အတည်ပြုပါတယ်။ ၂နာရီနှင့် ၃နာရီကြားပေါ့။ ကျနော်တို့ တံတားပေါ်မှာ စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြနေတုန်းမှာ ဗိုလ်ချုပ်လမ်းဘက်က စစ်ကားတစ်စီး၊ ပင်လုံလမ်းမတော်က စစ်ကားတစ်စီး နှစ်ဖက်ညီပ်ပြီးပစ်တာဗျ။ ကျနော်တို့ အထိအခိုက်မရှိ လူစုခွဲနိုင်ခဲ့ပါတယ်” လို့ ကလေးမြို့ ပင်မသပိတ်ခေါင်းဆောင် ကိုဗိုက်ပူကပြောပါတယ်။
“ညနေ ၂နာရီခွဲနာရီဝန်းကျင်လောက်ပေါ့။ သေနတ်တွေနဲ့ ဆန္ဒပြ တဲ့ကလေးတွေကိုပစ်တာ။ မမှန်ဘူး။ လွတ်သွားကြတယ်” ဆိပ်ကမ်းသာတံတားနားနေပြည်သူတစ်ဦးကဆိုပါတယ်။
ကလေးမြို့ဆိပ်ကမ်းသာတံတားဟာ ကလေးမြို့ရဲ့အဓိကလမ်းမကြီးနှစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်လမ်းနဲ့ လမ်းမတော်ကြားမှာရှိပါတယ်။ ဒါ့အပြင်တံတားဟာ လမ်းမတော်ဘက်နဲ့ ပေနှစ်ရာကျော်​လောက်သာကွာပြီး ဗိုလ်ချုပ်လမ်းနဲ့ ပေတစ်ထောင်ခန့်သာကွာတာပါ။ ကလေးမြို့ပင်မသပိတ်ဟာ နေ့စဥ်ရက်ဆက် ဆန္ဒပြလာတာ ၄၈၉ ရက်မြောက်နေ့ရောက်လာပြီဖြစ်ပါတယ်။