မကွေးတိုင်းအတွင်းက စစ်အုပ်စုလက်အောက်ခံနေရာတွေ အတိုက်ခံရ

၇၊ စက်တင်ဘာလ၊ ၂၀၂၁။

မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၄ခုမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံနေရာ ၅နေရာကို စက်တင်ဘာလ ၇ရက်နေ့ မနက်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြို့သစ်မြို့နယ် ညောင်ကုန်းကျေးရွာအနီးမှာရှိတဲ့ ကပစ (၁၇)ကို ဆက်သွယ်ထားတဲ့ 11-Line ကေဘယ်တိုင် နှစ်တိုင်ကို မနက် ၅နာရီ ၃၀မိနစ်ခန့်မှာ ဖောက်ခွဲဖျက်ဆီးတာ၊ တောင်တွင်းကြီးမြို့နယ် အမှတ်(၁၀၃) ခြေမြန်တပ်ရင်းကို မနက် ၄နာရီ၃၀မိနစ်ခန့်မှာ ဗုံးခွဲတိုက်ခိုက်တာ၊ ရေစကြိုမြို့ အမှတ်(၇)ရပ်ကွက်က စည်ပင်ဦးစီးနေအိမ်ကို မနက် ၅နာရီ ၄၅မိနစ်ခန့်က ဗုံးခွဲတိုက်ခိုက်တာ၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်မှာ လုံခြုံရေးရယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို မနက် ၄နာရီ ၃၀မိနစ်ခန့်မှာ ဗုံးခွဲတိုက်ခိုက်တာနဲ့ ကုလားရှင်ကျေးရွာက ဒလန်လို့ နာမည်ကြီးနေသူ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေးရဲ့ နေအိမ်ကို မနက် ၅နာရီ ၃၀မိနစ်ခန့်မှာ ဗုံးခွဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေသူတွေရဲ့ အသက်၊အိုးအိမ်၊ စည်းစိမ်ကို လုံးဝ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUGက စက်တင်ဘာလ ၇ရက်နေ့ကို ပြည်သူ့တော်လှန်ရေး စတင်တဲ့နေ့ဖြစ်တယ်လို့ ကြေညာခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံအတွင်း နေရာအနှံ့မှာ အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးအင်အားစုတွေက စတင်တိုက်ထုတ်နေခဲ့ပါတယ်။