ပုံညာအဆင်းမှာ စစ်အုပ်စုယာဉ်တန်း မိုင်းထိပြီး ၃၀ခန့်သေဟုဆို

၂၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မကွေးတိုင်း ကျောမြို့နဲ့ ဂန့်ဂေါမြို့ကြားမှာရှိတဲ့ ပုံညာတောင်အဆင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းမိုင်းဆွဲခံရပြီး ၃၀ကျော်ခန့်အထိ သေဆုံးနိုင်တယ်လို့ YDF-Kyawက ဒီကနေ့ ဒီဇင်ဘာလ ၂၃ရက်နေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၂ရက်နေ့ မွန်းလွဲ ၂နာရီ၃၀မိနစ်ခန့်မှာ စစ်အုပ်စုရဲ့ ကား၂၄စီးပါယာဉ်တန်းကို YDF-Kyawက မိုင်း ၈လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်လုပ်လောင်ချာနဲ့ ၄ချက်ပစ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်အုပ်စုက ၃၀ဦးခန့် သေဆုံးနိုင်တယ်လို့ YDF-Kyawက ခန့်မှန်းထားပြီး YDF-Kyawဖက်ကတော့ ထိခိုက်သူမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲသတင်းဓါတ်ပုံနဲ့ မှတ်တမ်းတွေကိုတော့ အင်တာနက်လိုင်းအဆင်ပြေတဲ့အချိန်မှာ ထုတ်ပြန်ပေးမယ်လို့ YDF-Kyawက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မကွေးတိုင်းအတွင်းမှာ အင်အားအလုံးအရင်းနဲ့ လက်နက်ကြီးတွေ အားကိုးကာ စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်အင်အားလိုအပ်ချက်ကြောင့် ပြောက်ကျားတိုက်ပွဲတွေကိုသာ ဆင်နွှဲနေရတယ်လို့ သိရပါတယ်။