တောင်ကိုရီးယားက မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃သန်း လှူမယ်

၁၁ ၊ ဇွန်လ ၊ ၂၀၂၁ ။

မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအထောက်အပံ့အစီအစဉ်တွေအတွက် တောင်ကိုရီးယားနိုင်ငံကကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)နဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်(WFP) တို့ကနေတဆင့် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃သန်းလှုဒါန်းသွားမယ်လို့ ကုလက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီလှူဒါန်းမှုဟာ ၂၀၂၁ ခုနှစ်တစ်လျောက်လုံး မြန်မာနိုင်ငံတွင်း အရေးကြီး အကူအညီလိုအပ်နေတဲ့ ဒေသတွေမှာ UNHCR နဲ့ WFP ရဲ့အထောက်အပံ့ အစီအစဉ်တွေကို ပံ့ပိုးပေးသွားမှာပါ။

UNHCR ဟာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ မိုးရာသီအတွင်းရင်ဆိုင်ရနိုင်တဲ့ အခက်အခဲတွေနဲ့ စစ်တွေမြို့ စခန်းတွေက နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် စွမ်းရည်မြင့်တင်ရေးစီမံချက်တွေ ကူညီသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီရန်ပုံငွေဟာ မြန်မာပြည်သူတွေအတွက် UNHCR နဲ့ အသက်ကယ်အကူအညီတွေနဲ့ အရေးပေါ်အကူအညီတွေအတွက်လည်း အထောက်အကူပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

WFP ကတော့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းအတွင်းရှိ အနွမ်းပါးဆုံးနဲ့ထိခိုက်အလွယ်ဆုံးမြို့နယ်တွေမှာ မြင့်တက်လာနေတဲ့ အငတ်ဘေးပြဿနာကို ဖြေရှင်းဖို့ အရေးပေါ်စားနပ်ရိက္ခာတွေအထောက်အပံ့တွေ ပေးအပ်သွားမှာပါ။

ဒါ့အပြင် တောင်ကိုရီးယားရဲ့လှူဒါန်းမှုနဲ့ WFP က ရခိုင်ပြည်နယ်တွင်းတိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာအခက်အခဲဖြစ်နေတဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူတွေနဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအပါအဝင် လူဦးရေ ၃၅,၀၀၀ အတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့လည်း သိရပါတယ်။