ဘာသာရေးအဆောက်အအုံတွေမချန် ဖျက်ဆီးတိုက်ခိုက်နေတဲ့ စစ်အုပ်စု

၁၂ ၊ ဇွန် ၊ ၂၀၂၁

ချင်းပြည်နယ် မင်းတပ်မြို့ ၊ ထန်တလန် အပါအဝင် တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ စစ်ကောင်စီ တပ်တွေဟာ ဘာသာရေး အဆောက်အအုံတွေပါမကျန် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် လုံခြုံရေးအခြေအနေအရ အဲ့ဒီဒေသတွေက ခရစ်ယာန် ဓမ္မဆရာတွေဟာ ဘုရားကျောင်းတွေကို စွန့်ခွာပြီး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့၊ ဒီမော့ဆိုမြို့၊ ထန်တလန်မြို့တို့ အပါအဝင် ချင်းပြည်နယ်ရဲ့ ဒေသအချို့မှာ အကြမ်းဖက်စစ်အုပ်စု တပ်တွေနဲ့ အကြမ်းဖက်မှုကို တော်လှန်နေတဲ့ ဒေသခံ PDF တပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က ဘာသာရေး အဆောက်အအုံတွေပါ မကျန် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုမျိုး မလုံခြုံတဲ့ အခြေအနေတွေကြောင့် ခရစ်ယာန် ဓမ္မဆရာတွေဟာ သူတို့ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းတွေကို စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့အပြင် အချို့ဟာ နေထိုင်တဲ့ မြို့‌ေတွကနေ ထွက်ခွာလာခဲ့ရတယ်လို့ သိရပါတယ်။

“မင်းတပ်၊ ထန်တလန် တို့ ရော အခြားမြို့တွေ့က ဆရာတွေ ရှောင်နေရတယ်။ လိုက်ဖမ်းတာမျိုးတော့ မဟုတ်ပေမယ့် သူတို့က ဘုရားကျောင်းတွေကိုပါ ပစ်ခတ်နေတော့ အန္တရာယ်ရှိလို့ ရှောင်နေရတဲ့ သဘောပါ။ မြို့ကနေပါ ခွာလိုက်ရတာပေါ့။”လို့ ချင်းပြည်နယ်မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခရစ်ယာန်တရားဟောဆရာ တစ်ဦးက ဆိုပါတယ်။

ဒီ Church ကျောင်းတွေဟာ ခရစ်ယာန်တွေအတွက် အထွဋ်အမြတ်ထားရာ နေရာတွေဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကနေ ထိရောက်တဲ့ အကာအကွယ်တွေ ပေးနိုင်ဖို့အတွက်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG ဘက်ကို ခရစ်ယာန်ဓမ္မဆရာတစ်ဦးက တောင်းဆိုထားပါတယ်။

“ဒီ Church တွေက ကျွန်တော်တို့ ခရစ်ယာန်တွေရဲ့ အထွဋ်အမြတ်နေရာတွေပါ။ ဒီနေရာတွေကနေ အခြေပြုပြီး တိုက်ခိုက်တာမျိုးလုပ်တာတွေကို ကျွန်တော်တို့လည်း လက်မခံထားပါဘူး။ ကျွန်တော်တို့က ပြည်သူတွေကို ကယ်ဆယ်ထားတာမျိုးပဲရှိပါတယ်။ ဒါကို လက်နက်ကြီးတွေနဲ့ ပစ်တာတွေ အကြမ်းဖက်တာတွေက အင်မတန် စိတ်နှလုံးထိခိုက်စေပါတယ်။ ဒါတွေ ဆက်မဖြစ်လာဖို့ ဒီအချိန်ရော ဒီတော်လှန‌်ရေး အောင်မြင်ပြီးနောက်မှာရောပေါ့။ ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီး အကာအတွေပေးနိုင်ဖို့ ခရစ်ယာန် တိုင်းရင်းသားလက်နက်ကိုင်တွေကိုရော NUG အစိုးရကို တောင်းဆိုချင်ပါတယ်။” ဟု ချင်းလူမျိုး ခရစ်ယာန် ဓမ္မဆရာတစ်ဦးက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတပ်တွေဟာ မေ၂၇ရက်ကလည်း ကယားပြည်နယ်က အလံဖြူထောင်ထားတဲ့ စိန့်ဂျိုးဇက် ဘုရားကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုရားကျောင်းအတွင်း ခုံလှုံနေတဲ့ ဒေသခံလေးဦးသေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ကကရင် ဘုရားကျောင်းတစ်ခုကိုလည်း မေလကုန်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စု တပ်တွေ ဝင်ရောက်စီးနင်းပြီး မသန်စွမ်းတစ်ဦးအပါအဝင် ပြည်သူသုံးဦးကို ရိုက်နှက်ဖမ်းဆီးတာတွေ ဘုရားကျောင်းကို ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဒီလိုမျိုး ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်တာမျိုးတွေ မလုပ်ဖို့နဲ့ခုံလှုံနေတဲ့ပြည်သူတွေကို လေးစားတန်ဖိုးထားဖို့အတွက် မြန်မာနိုင်ငံ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားစ်ဘိုလ်ကလည်း မေတ္တာရပ်ခံထားပါတယ်။