Photo – စိမ်းမြကန်သာဂေါပကအဖွဲ့ (ပုံစာ… ငလျင်လှုပ်ခတ်ပြီးနောက် မအူပင်မြို့စိမ်းမြကန်သာ သတ္တဌာနဘုရားမြင်ကွင်း)
မတ်၊ ၇
မအူပင်ဒေသခံတချို့က ငလျင် အန္တရာယ်ကိုစိုးရိမ်တာကြောင့် နှစ်ည ဆက်တိုက်လမ်းမပေါ်ထွက်အိပ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း ညောင်တုန်းမြို့နဲ့ မအူပင်မြို့တို့မှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင် ၃ ကြိမ်လှုပ်ခဲ့တာကြောင့် မအူပင်မှာရှိတဲ့ ဘုရားကျောင်းကန်တချို့ ပြိုကျပျက်ဆီးတာတွေ ဖြစ်ခဲ့ပါတယ်။
မတ်လ ၅ ရက်နေ့ နံနက်၄ နာရီ၊ (၃၆) မိနစ်ကျော်မှာ ညောင်တုန်းမြို့ အရှေ့တောင်ဖက် ၆မိုင်လောက်အကွာမှာ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီးအင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားခဲ့တယ်၊ အဲဒီနောက်နောက်ဆက်တွဲငလျင်သုံးကြိမ် ညောင်တုန်းမြို့ပတ်ဝန်းကျင် ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကထုတ်ပြန်ထားပါတယ်။
မအူပင်မြို့ဟာ ငလျင်နဲ့ပတ်သက်လို့ ဒီလိုမျိုးအခြေအနေကို မကြုံခဲ့ဖူးတာကြောင့် ဒေသခံတွေက စိုးရိမ်ကြောက်လန့်မှုတွေရှိခဲ့ပြီး မတ်လ ၅ ရက်နေ့ညက တမြို့လုံးနီးပါး လမ်းမပေါ်ထွက်အိပ်ခဲ့ကြကာမတ်လ၆ ရက်နေ့ညမှာတော့ ရပ်ကွက်တချို့က အိမ်အတွင်းမှာ ပြန်အိပ်ကြတာမျိုးတွေ ပြုလုပ်ခဲ့ကြတယ်လို့ DNA က ဆက်သွယ်ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။
“အမေတို့အမေတို့ ညကအပြင်မှာထွက်အိပ်တာ တရပ်ကွက်လုံးပေါ့ အိမ်ပြိုကြမှာကြောက်တာ မနေ့ကအရမ်းကြောက်သွားတာ။ မကြုံဖူးဘူး” လို့ မအူပင် ၁ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်ဦးရွှေက ဆိုပါတယ်။
မအူပင်မြို့ဟာ ငလျင်နဲ့ပတ်သက်တဲ့ အတွေ့အကြုံကြီးကြီး မားမားမရှိတာကြောင့် ငလျင်လှုပ်ခြင်းနဲ့ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း သေသေချာချာ မသိကြသူတွေများကြတယ်လို့ မအူပင်ဒေသခံဖြစ်ပြီး လက်ရှိညောင်တုန်းမှာ နေထိုင်နေတဲ့ မနန္ဒာက ပြောပါတယ်။
ငလျင်နောက်ဆက်တွဲကို စောင့်ကြည့်နေတုန်းပဲ။ ဆက်တိုက်ဆိုသလိုလှုပ်နေတော့ ကြီးကြီးမားမား ဖြစ်လာမှာစိုးတယ်။ လိုင်းပေါ်တွေမှာတော့ ရှာဖတ်ထားတယ်။ ဒါပေမယ့် တကယ့်တကယ်ဖြစ်လာတော့ အဲ့ဒါတွေက အသုံးဝင်ပါ့မလားလည်း မသိပါဘူး လို့ မနန္ဒာက ဆိုပါတယ်။
မအူပင်ဟာ မြန်မာနိုင်ငံရဲ့ အဓိက ငလျင်ကြောဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့နီးတယ်ဆိုပေမယ့် ငလျင်ဖြစ်ပေါ်လေ့ရှိတဲ့ နေရာတော့ မဟုတ်ပါဘူး။ အခုဖြစ်ပေါ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီး ညောင်တုန်း၊ မအူပင် သာမက ရန်ကုန်မြို့ကပြည်သူတွေပါ သိသိသာသာ ခံစားရတဲ့ အခြေအနေဖြစ်ပေါခဲ့တာပါ။
ငလျင်နဲ့ပတ်သတ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနအပါအဝင်ပညာရှင်တွေက အခုလိုအကြံပြုထားကြပါတယ်။
“ငလျင်လှုပ်ချိန်မှာ အိမ် ဒါမှမဟုတ်အဆောက်အဦတခုခုထဲမှာ ရှိနေတာဆိုရင် စားပွဲအောက်၊ ခုံတန်းအောက်စတဲ့ မာကျောတဲ့အရာတွေအောက်မှာ ခေါင်းကိုကာကွယ်တဲ့ပုံစံနဲ့ ဝပ်နေပါ။ နံရံအပါအဝင် အလွယ်တကူ ပြုတ်ကျနိုင်တဲ့ ပစ္စည်းတွေ၊ မှန်တွေ ရှိတဲ့နေရာမှာ မနေပါနဲ့။ မီးပိတ်ဖို့လွယ်ကူရင် မီးတွေပိတ်ထားဖို့လိုပါတယ်။ အပြင်မှာရှိနေရင် အဆောက်အဦတွေနား၊ လျှပ်စစ်မီးကြိုးတွေနား၊ ဓာတ်တိုင်စသဖြင့် အလွယ်တကူလဲပြို နိုင်တဲ့နေရာတွေနားမှာ မနေပါတယ်။ ကွင်းပြင်ကျယ်လိုမျိုး ရှင်းရှင်းလင်းလင်း ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ နေရာတွေမှာနေပါ။”
ဒါ့အပြင်ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ ဘေးအန္တရာယ်တွေနဲ့ပတ်သတ်လို့လည်း “နောက်ဆက်တွဲငလျင်တွေ၊ မြို့ပြမီးဘေးအန္တရာယ်၊ ရေကာတာကျိုးပျက်လို့ ရေကြီးတာ၊ တောင်ပြိုမြေပြိုတာ၊ ရွံ့မီးတောင်ပေါက်ကွဲပန်းထွက်တာ၊ ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ်တာနဲ့ကောလဟာလ သတင်းလွှင့်တာ” စတဲ့အချက်တွေကိုသတိပြုဖို့လိုအပ်တယ်လို့လည်း အကြံပြုထားပါတယ်။