မတ်၊ ၂၈
အာဏာသိမ်းစစ်တပ်အောက်မှာ အမှောင်တိုက်ဖုံးလွမ်းနေတဲ့ မြန်မာနိုင်ငံမှာ ဒီကနေ့မတ်လ ၂၈ရက်မှာ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီးတခုလှုပ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးပျက်ဆီးမူတွေများပြားခဲ့ကာ ပြည်သူတွေဒုက္ခပင်လယ်ဝေခဲ့ရပြန်ပါပြီ။
မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ပြင်းအားရှိတဲ့ အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်သွားပြီးနောက် မြန်မာနိုင်ငံတဝှမ်း နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေ ထပ်ရှိလာနိုင်လို့ အထူးသတိထားကြဖို့ ငလျင်ပညာရှင်တွေ၊ မိုးလေဝသနဲ့ ဇလဗေဒပညာရှင်တွေက သတိပေးပြောကြားထားပါတယ်။
ဒီကနေ့ မတ်လ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ မိနစ် ၅၀ လောက်မှာ လှုတ်ခတ်သွားတဲ့ အဲဒီငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး သာသနိကအဆောက်အအုံတွေ၊ ဟိုတယ်တွေနဲ့ အထပ်မြင့်လူနေအိမ်တွေ အလုံးလိုက်ပြိုကျတာတွေအပြင် လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။
“နောက်ဆက်တွဲ ငလျင်ငယ် ထပ်လှုပ်နိုင်တာရှိတယ်၊ ထိခိုက်ပျက်စီးမှုတွေကြားမှာ ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေ ထပ်ပြိုကျနိုင်တာကြောင့် အထူးသတိထားကြရမယ်။ နောက်ဆက်တွဲထိခိုက်နိုင်တာတွေအားလုံးကို ဂရုစိုက်ကြရပါမယ်ဗျ” လို့ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်နိုင်က DNA ကို ပြောပါတယ်။
ငလျင်ပညာရှင် ပါမောက္ခ ဒေါက်တာမျိုးသန့်ကတော့ အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၁၉၁၂ ခုနှစ် မေမြို့ငလျင်နောက်ပိုင်း အပြင်းထန်ဆုံးငလျင်ဖြစ်ကြောင်းလည်း မဇ္ဈိမ သတင်းဌာနကို ပြောကြားထားပါတယ်။
“ရန်ကုန်မှာလည်း အရင်တခေါက်တွေကထက်ကြမ်းတယ်၊ မြေပေါ်မှာရပ်နေတာတောင် ခေါင်းတော်တော်မူးသွားတာ၊ အခုတောင် တော်တော်ကြောက်နေသေးတာ၊ ထပ်လုပ်ဖို့ရှိမယ်ဆိုရင်တော့ တော်တော်သတိထားပြီးနေရမယ်” လို့လည်း ရန်ကုန်မြို့ခံတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီကလည်း အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်အဓိကခံခဲ့ရတဲ့ စစ်ကိုင်း၊ မန္တလေး၊ မေကြး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့ကို အရေးပေါ်အခြေအနေသတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။
“မိနစ်ပိုင်းလောက်ကြာတယ်။ အိမ္က သစ်အိမ်ဆိုတော့ ပြိုကျတာအထိတော့မဖြစ်ပေမယ့် ရေထည့်ထားတဲ့ စဉ့်အိုးတွေ ရော တီဗီ ရေခဲသေတ္တာ မွန္ဘီဒို အကုန်လဲပြီး ကွဲကုန်ကြေကုန်တာပဲ။ မောင်လေးလည်း ဘီဒိုနဲ့ရိုက်မိပြီး ခေါင်းကွဲပြီး ဘယ်တခြမ်းဒဏ်ရာတွေရသွားတယ်။” လို့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်ဆီးမူ များပြားခဲ့တဲ့ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် သဲတောမြို့က ဒေသခံတဦးက DNAကိုပြောပါတယ်။
မြန်မာငလျင်နဲ့ပတ်သတ်လို့လည်း နိုင်ငံတကာသတင်းတွေမှာ အကျယ်တဝင့်ဖော်ပြခဲ့ကြပြီး နာမည်ကျော်အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးအသင်းမန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ကလည်း မြန်မာ့ငလျင်ကပ်ဘေးအတွက် ဝမ်းနည်းကြောင်း သူတို့ရဲ့ တရားဝင် Facebook ကနေ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်တွေအရတော့ ဒီကနေ့ညနေခြောက်နာရီခွဲဝန်းကျင်အထိ နောက်ဆက်တွဲငလျင် ၂၂ကြိမ်ရှိပြီလို့ သိရပါတယ်။
ဒါကြောင့်မလို့ ငလျင်နောက်ဆက်တွဲနဲ့ သတိပြုရမယ့်အချက်တွေကို ပညာရှင်တွေ အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထုတ်ပြန်သတိပေးချက်တွေကို DNAကစုစည်းဖော်ပြပေးထားပါတယ်။
ငလျင်လှုတ်ခတ်ပြီးနောက် သတိပြုရမယ့်အချက်တွေ
– ငလျင်လှုတ်ခတ်ပြီးချိန်အဆောက်အဦထိခိုက်မှု အနေအထားကို စစ်ဆေးပါ။ ငလျင်ကြီးလှုတ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်များ လှုတ်ခတ်ချိန်ပြိုကျနိုင်တဲ့အခြေအနေရှိပါက အလျင်အမြန် လူရွေ့ပြောင်းမှုတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။
– အဆောက်အဦကို စွန့်ခွာရမယ့်အခြေအနေရှိပါက လူအများပြွတ်သိပ်တိုးဝှေ့ပြေးထွက်ခြင်းကို ရှောင်ကြဉ်ရပါမယ်။ငလျင်ကြောင့် ပြိုကျနိုင်ခြေရှိတဲ့ အဆောက်အဦ အစိတ်အပိုင်းတွေကလူအများ တိုးဝှေ့ခြင်းကြောင့် ပြိုကျ၊ ပြုတ်ကျတာတွေ ဖြစ်ပေါ်လာနိုင်လို့ဖြစ်ပါတယ်။
– ငလျင်လှုတ်ခတ်ပြီး မီးလောင်တာ၊ ရေကာတာကျိုးပျက်လျှပ်တစ်ပျက်ရေကြီးတာ၊ ရွံ့ရည်၊ ချော်ရည်ပူတွေ ပန်းထွက်တာ၊ တောင်ပြို မြေပြိုတာနဲ့ကမ်းပါးပြိုတာတွေ ဖြစ်ပွားနိုင်တဲ့အန္တရာယ္ကို အထူးသတိပြုသင့်ပါတယ်။
ခြုံပြောရရင်တော့ ဒီအချက်တွေကို ငလျင်လှုပ်အပြီး အထူးသတိပြုဖို့ လိုအပ်ပါတယ်။
(၁) နောက်ဆက်တွဲငလျင်တွေ
(၂) မြို့ပြမီးဘေးအန္တရာယ်၊
(၃) ရေကာတာကျိုးပျက်ရေကြီးတာ
(၄) တောင်ပြိုမြေပြိုတာ
(၅) ရွှံ့မီးတောင် ပေါက်ကွဲတာ
(၆) ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ်တာနဲ့
(၇) ကောလာဟလ သတင်းတွေထုတ်လွင့်တာစတာတွေပဲဖြစ်ပါတယ်။
ငလျင်မလှုပ်ခင်ဆောင်ရွက်ရန်အချက်တွေ
(၁)အခန်းတိုင်းမှာလုံခြုံတဲ့နေရာကို သိထားရပါမယ်။
(၂) လုံခြုံတဲ့နေရာဝင်ဖို့၊အကာ အကွယ်ယူဖို့နဲ့ ဆွဲကိုင်ထားဖို့တို့ကို လေ့ကျင့်ထားသင့်ပါတယ်။
(၃) အန္တရာယ်ရှိတဲ့ နေရာတွေကို သိထားရမယ်။
(၄) အိမ်ပြင်ရှိရင်လုံခြုံစိတ်ချရတဲ့နေရာတွေကို သိထားဖို့လိုပါတယ်။
(၅) ထွက်ပြေးဖို့ လမ်းကြောင်း၊အရန်ထွက်လမ်းတွေကို လေ့လာ မှတ်ထားရမယ်။
(၆) ရေ၊ ဓာတ်ငွေ့နဲ့လျှပ်စစ်မီးတို့ကို အရေးပေါ် ဖြတ်တောက်နိုင်မယ့် နေရာတွေကို သိထားရပါမယ်။
ဒါ့အပြင်အရေးပေါ် လိုအပ်တဲ့ပစ္စည်းတွေအဖြစ် စားစရာနှင့် သောက်ရေ၊ ရှေးဦးသူနာပြုပစ္စည်းနဲ့ အရေးပေါ်ဆေး၊ ဓာတ်မီးနဲ့ဓာတ်ခဲအပိုအသုံးအဆောင်တွေကို ကြိုဆောင်ထားသင့်ပါတယ်။
ငလျင်လှုပ်ရှားစဉ် လုပ်ဆောင်ရန်အချက်တွေ
(၁) မြေကြီး(သို့မဟုတ်) အဆောက်အအုံ တုန်ခါခြင်းကြောင့် ပြိုကျလာတဲ့ အကျိုးအပဲ့ထိခိုက်မယ့်အန္တရာယ်မှ လွတ်ကင်းအောင် စာရေးခုံ၊ စားပွဲအောက်မှာ ချက်ချင်းအမြန်ဆုံးဝင်၍ ပုန်းလျှိုး နေသင့်ပါတယ်။
(၂) ပြိုကျနေတဲ့အကျိုးအပဲ့၊မြင့်မားတဲ့ ပရိဘောဂတွေ၊ ကြမ်းပြင်ပေါ် လျှောကျနိုင်တဲ့ (သို့မဟုတ်) မှောက်လဲနိုင်တဲ့ လေးလံ အရာတွေကို သတိထားပါ၊
(၃) တံခါးပေါက်၊ ပြတင်းပေါက်တွေက ဝေးဝေးနေပါ၊
(၄) ငလျင်လှုပ်စဉ်အိမ်အပြင်ထွက်မပြေးသင့်ပါ။
(၅) တိုက်အမြင့်နေထိုင် ပါက လှေကား (သို့မဟုတ်) ဓာတ်လှေကားမှာတိုးဝှေ့ ခြင်းမပြုပါနဲ.။
(၆) လမ်းပေါ်ရောက်နေ ပါက အဆောက်အအုံ၊ လျှပ်စစ် ကြိုးနဲ့ ဝေးကွာတဲ့ကွင်းပြင်ရောက်ရှိရန် ကြိုးပမ်း ရပါမယ်။
(၇)ကားအတွင်းတွင်ရှိနေရင်ကားကိုစက်သတ်ရပ်ထားပြီးကားအတွင်းဆက်နေကာတံတား၊အဆောက်အအုံတွေနဲ့ ဝေးဝေးနေသင့်ပါတယ်။
(၈) ပင်လယ်ကမ်းခြေ၊ နိမ့်တဲ့ မြစ်ကမ်းပါးတို့ကနေ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ ဆူနာမီရေလှိုင်းကြီးတွေဝင်ရောက်လာနိုင်လို့ဖြစ်ပါတယ်။
ဒါ့အပြင် အထပ်မြင့်အဆောက်အအုံတွေမှာ နေထိုင်သူတွေအနေနဲ့ ငလျင်လှုပ်ခတ်ချိန် အောက်သို့ဆင်းပြေးရန် အဆင်မပြေနိုင်တဲ့အတွက် မိမိအခန်းထဲရှိ စားပွဲ၊ ဆိုဖာထိုင်ခုံ၊ မွေ့ယာပါတဲ့ ကုတင် စတဲ့ အကာကွယ်ယူနိုင်တဲ့ နေရာတွေရဲ့အောက်မှာ အကာအကွယ်ယူနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရပါမယ်။
အဲဒီလို အကာအကွယ်ယူတဲ့ နေရာဟာလည်း လဲကျနိုင်တဲ့ နံရံကပ်ဗီရိုတွေ၊ ကွဲကျနိုင်တဲ့ မှန်ပြတင်းတွေ၊ ပစ္စည်းတင် စင်တွေ၊ ပရိဘောဂပစ္စည်းတွေ စတာတွေရဲ့ အနီးအနားမှာ မဖြစ်ဖို့ လိုပါတယ်။
အထပ်နိမ့်တိုက်အိမ်တွေမှာ နေထိုင်တဲ့သူတွေကတော့ ငလျင်လှုပ်တာကို ခံစားမိတာနဲ့ ဦးခေါင်းကို အကာအကွယ်ယူပြီး အဆောက်အအုံအပြင်ဘက် ထွက်ပြေးနိုင်ဖို့ ကြိုးပမ်းဖို့လိုအပ်ပြီး ထွက်မပြေးနိုင်ပါက အထပ်မြင့်အဆောက်အအုံတွေမှာ နေထိုင်သူတွေ အကာအကွယ်ယူသလိုပဲ လုပ်ဆောင်ရပါမယ်။
သစ်အိမ်၊ ဝါးအိမ်တွေမှာနေထိုင်သူတွေကတော့ နေအိမ်ထုတ်တန်းတွေ၊ နံရံကပ်ဗီရိုတွေ၊ မှန်ပြတင်းတွေ၊ မီးသီး အစရှိတာတွေ ပြုတ်ကျလာနိုင်တဲ့ အန္တရာယ်ကို သတိထားဖို့လိုပြီး ငလျင်လှုပ်ခတ်ချိန် အပြင်ထွက်မပြေးနိုင်ပါက စားပွဲခုံလိုမျိုး ခိုင်ခံတဲ့ပစ္စည်းတွေအောက်မှာ အကာအကွယ်ယူနေထိုင်သင့်ပါတယ်။
ပိုမိုအန္တရာယ်ကင်းရှင်းအောင်တော့ ငလျင်မလှုပ်ခတ်မီကတည်းက နေအိမ်အတွင်းရှိ အန္တရာယ်ရှိတဲ့နေရာတွေ၊ အန္တရာယ်ကင်းတဲ့နေရာတွေကို မိသားစုဝင်တွေအားလုံး သိရှိအောင် ဆောင်ရွက်ထားဖို့လိုသလို ငလျင်လှုပ်ခတ်ချိန်မှာ လျှပ်စစ်မိန်းခလုတ်ချတာ၊ မီးဖိုများကို အလျှင်အမြန် မီးငြိမ်းသတ်တာတွေ ပြုလုပ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားရပါ့မယ်။
ငလျင်လှုပ်ခတ်ချိန် နေအိမ်အဆောက်အအုံအတွင်း ရှိနေပါက ခန္ဓာကိုယ်ကို ဝပ်ချပြီး ဦးခေါင်းကို ကာကွယ်နိုင်အောင် အရင်ဦးဆုံး ဂရုစိုက်ရပါမယ်။
ဦးခေါင်းကို စားပွဲ၊ ဆိုဖာထိုင်ခုံ၊ မွေ့ယာပါတဲ့ ကုတင်တို့နဲ့ ကာကွယ်ထားပါက ငလျင်လှုပ်ခတ်မှုကြောင့် ခန္ဓာကို ရွေ့မသွားအောင် အဲဒီ စားပွဲ၊ ဆိုဖာထိုင်ခုံ၊ ကုတင်တွေရဲ့ ခြေထောက်ကို မြဲမြံစွာ ကိုင်ထားရပါမယ်။
ဒါ့အပြင် နေရာရွေ့လျားပြီး အကာအကွယ်ယူရန် လိုအပ်ပါက ဦးခေါင်းကို လက်(သို့မဟုတ်) အကာအကွယ်တခုခုနဲ့ ကာကွယ်ပြီးမှ ရွေ့လျားရပါမယ်။
ငလျင်လှုပ်ပြီးလုပ်ဆောင်ရန်အချက်တွေ
(၁) အနာတရဖြစ်၊ မဖြစ် စစ်ဆေးပါ၊
(၂) နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ အန္တရာယ်ကို ကာကွယ်ပါ၊
(၃) ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပါ၊
(၄) အဆောက်အအုံ ထိခိုက်မှု ပမာဏကို စစ်ဆေးပါ၊
(၅) မီးဘေးအန္တရာယ်ကိုတွက်ဆပါ။
(၆) မီးခြစ် မသုံးပါနဲ့၊ မီးခလုတ်တွေကို ပိတ်ထားပြီး ဓာတ်မီးနဲ.ဘက္ထရီ မီးတို့ကို သုံးပါ၊
(၇) ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့ စတဲ့ လောင်စာနံ့ရပါကအမြန်ထွက်ခွာသင့်ပါတယ်။
(၈) နောက်ဆက်တွဲငလျင်တွေလှုပ်နိုင်တာကိုသတိပြုပြင်ဆင်ခြင်ရမှာဖြစ်ပါတယ်။
ပညာရှင်တွေသတိပေးသလိုပဲ ပြည်သူတွေအနေနဲ့ ငလျင်နောက်ဆက်တွဲ အန္တရာယ်ကိုသတိထားပြီး နားစွင့်ပြင်ဆင်ထားဖို့လိုအပ်နေပြီလည်းဖြစ်ပါတယ်။
ငွေဆောင်ဒေသခံတဦးကတော့ DNAရဲ့ဆက်သွယ်မေးမြန်းမူကိုအခုလိုပြောပြပါတယ်။
“အခုက နောက် ဘယ်နှနာရီဆိုရင် ထပ်လှုပ်ဦးမှာ ဘာညာဆိုတာတွေလည်းတွေ့တော့ အရမ်းကြောက်တယ်။ အထုတ်တွေ ထုတ်ထားတယ်။ ရေဘေးအတွက်လည်း ဘာတွေလုပ်ရမလဲကို ခုကတည်းက ပြင်နေပြီ။”