
မတ်၊ ၈

ဒေါ်စော
နွေဦးရဲ့မနက်ခင်းပေမယ့် စောသေးတာမို့ မြင်ကွင်းတွေကို မြူတွေက အနှောင့်အယှက်ပေးနေဆဲပါပဲ။ ဒါပေမယ့် မြူမှုန်တွေကြားမှာ ချောင်းကိုကျောခိုင်းထိုင်ပြီး ဈေးရောင်းနေကြတဲ့ ဈေးသည်တွေက ပန်းချီကားတချပ်လို။
“ ငရုတ်သီးမှုန့် ၅၀၀ ဖိုးလောက်”
ဈေးသည်ဘက်က မြှောက်ပြလိုက်တဲ့ အထုတ်ထဲမှာ ငရုတ်သီးအလှော်မှုန့်က ထမင်းစားဇွန်း တဇွန်းစာမျှသာ။
“ ဟယ်…နည်းနည်းပိုထည့်ပေးလို့ မရဘူးလား ”
“ ဒါကုန်ရင်တောင် မရောင်းတော့ရင် ကောင်းမလားတွေးနေရပြီ အစ်မရေ ”
“ အေးပေါ့လေ..ရသလောက်ပေါ့ ”
ဖုန်းစခရင်ကိုဖြတ်ဝင်လာတဲ့ လှုပ်ရှားမှုတွေနဲ့ အသံတွေဟာ ရောရောထွေးထွေး။ ကွန်ပျူတာ စခရင်ကနေ မြင်နေရတဲ့ လူတွေရဲ့ မျက်နှာတွေကလည်း မှုန်မှုန်မှိုင်းမှိုင်း။
ဖုန်းပိုင်ရှင်ဖြစ်သူ ဒေါ်စော က ဈေးကိုထွက်လာချိန်မှာ လက်ထဲမှာ ငွေ ၁ သောင်းကျပ်ယူဆောင်သွားခဲ့ပေမယ့် ငါခုံးမအသေး ၂၀ သား ၄၀၀၀ ကျပ်၊ ငါးပိရည်ကျို ၅၀၀ ကျပ်၊ ငရုတ်သီးအလှော်မှုန့် ၅၀၀ ကျပ်၊ မနောသုခဆန်(အဟောင်း) ၁ ပြည် (နို့ဆီဘူး ၈ လုံး) ၄၂၀၀ ကျပ်၊ စားအုန်းဆီ ၅ ကျပ်သား ၆၀၀၊ ချဉ်ပေါင်ရွက် ၁ စည်း ၂၀၀ ကျပ် နဲ့ဝယ်ပြီးချိန်မှာတော့ သူ့ပိုက်ဆံဟာ ကုန်သွားခဲ့ပါပြီ။
သူက “ အခုချိန်မှာ အကြွေဆိုတာ ၅၀၀ တန်ပေါ့ ဆရာမရယ် ” တဲ့။
ဈေးကနေသူပြန်သွားပြီး ၃ နာရီဝန်းကျင်လောက်အကြာမှာတော့ ဒေါ်စောဟာ ဗီဒီယိုကော ထပ်ခေါ်လာပါတယ်။ စကားတချို့ပြောပြီးတဲ့နောက် သူက စားဖွယ်တွေပြင်ဆင်ထားတဲ့ ထမင်းစားပွဲလေးကိုပြပါတယ်။
ရုံးပတီသီးလေးတချို့ပါတဲ့ ချဉ်ပေါင်ဟင်းရည်ရယ်၊ ကန်စွန်းရွက်ကြော်ရယ်၊ ဆန်ဆေးရေနဲ့ကျိုထားလို့ ပျစ်နေသယောင် ထင်ရပေမယ့် ငရုတ်သီးအလှော်မှုန့် ၅၀၀ ဖိုး ထမင်းစားဇွန်း ၁ ဇွန်းစာသာ အဆာပလာပါတဲ့ ငပိရည်ရယ်၊ ငါးခုံးမလေးတွေကို ခရမ်းချဉ်သီးလေးနဲ့ ဆီပြန်ရေကျန်လေး ချက်ထားတာလေးရယ်။
ဒါက သူတို့ဇနီးမောင်နှံအတွက် အကောင်းဆုံးတည်ခင်းထားတဲ့ ထမင်းဝိုင်းလေးဖြစ်ပြီး ဒီလောက်အခြေအနေ စားနိုင်ဖို့ကို အစစ အရာရာတွက်ချက်ရတယ်လို့ ဒေါ်စောက ပြောပါတယ်။
ဒေါ်စောရဲ့ အမျိုးသားကတော့ ညိုညိုလုံးလုံးနဲ့ အရပ်မနိမ့်မမြင့်ရှိပါတယ်။ နှစ်ယောက်စလုံး ရာသီပေါ်အလုပ်တွေကို လိုက်လုပ်ပြီး ပိုက်ဆံရှာကြတယ်ဆိုပေမယ့် ငွေရှာတဲ့အလုပ်ပြီးသွားချိန်မှာတော့ ရွာထိပ်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ သွားထိုင်နေလေ့ရှိပြီး ထမင်းစားချိန်မှ အိမ်ပြန်လာတတ်သူပါ။
အမျိုးသားဖြစ်သူက ကန်စွန်းရွက်ကြော် တလုတ်ကို မြိုချလိုက်ပြီးတဲ့နောက် “ ဆရာမရေ ကြက်သားမှုန့်လေးတောင် မပါဘူးဗျို့ ” လို့ ရယ်ရင်းပြောလာပါတယ်။
ဒေါ်စောတို့မိသားစုဟာ ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်ထဲက ရွာလေးတရွာမှာ နေထိုင်ကြတာပါ။ သား ၂ ဦးရှိပေမယ့် စစ်မှုထမ်းအရွယ်ဖြစ်နေတာကြောင့် တိမ်းရှောင်ခိုင်းထားတာကြောင့် လက်ရှိမှာ ၂ ဦးတည်းသာ နေထိုင်နေကြတာ ဖြစ်ပါတယ်။
နဂိုကတည်းက ရာသီပေါ်အလုပ်တွေကိုလုပ်ရင်း ရပ်တည်ခဲ့တာကြောင့် တခြားဝင်ငွေရမယ့်အရာတွေကလည်း သူတို့မှာမရှိပါဘူး။ ပဲနုတ်ချိန်လိုမျိုး ကာလတွေမှာ နှစ်ယောက်လုပ်အားခ တရက်ကို ကျပ် ၂ သောင်းကျော် ရပေမယ့် အလုပ်မရှိချိန်တွေအတွက် တွက်ချက်သုံးစွဲရတယ်လို့ ဒေါ်စောက ရှင်းပြပါတယ်။
“ အစက လေးယောက် လုပ်စာလေ။ အခုတော့…….။ ဒီနွေမှာ အိမ်အမိုးလဲရမှာ မလုပ်နိုင်လောက်တော့ဘူး ” လို့ ၁၅ ပေ၊ ပေ ၂၀ ဝန်းကျင်လောက်ရှိမယ့် အိမ်လေးကို ပြရင်း ပြောပါတယ်။
အမျိုးသားဖြစ်သူကတော့ “ အိပ်လို့ရပြီးရောပေါ့ ဆရာမရေ။ ဒီခေတ်ကြီးထဲ စားဖို့ရှိရင်ကို ဟုတ်လှနေပြီ ” လို့ ဆိုပါတယ်။
အရက်သေစာသောက်စားခြင်းမရှိဘဲ ရသမျှပိုက်ဆံကို မိန်းမဖြစ်သူကို ပြန်အပ်လေ့ရှိ တာကြောင့် သူတို့ရွာမှာတော့ ဒေါ်စောက အိမ်ထောင်သည် အမျိုးသမီး တော်တော်များများရဲ့ အားကျခြင်းကိုခံရတဲ့သူလို့ သိရပါတယ်။
ဒါပေမယ့် သားတွေနဲ့ပတ်သက်လို့ သတင်းတွေ စုံစမ်းဖို့ပြောတိုင်း၊ အိမ်ထောင်မှုကိစ္စတွေကို အတူတူစီမံ စဉ်းစားကြဖို့ပြောတိုင်း လက်ရှောင်တတ်ပြီး လိုအပ်မှုရှိလာတဲ့အခါကျရင် လက်ဖွာတဲ့အမျိုးသမီးအဖြစ် လက်ညှိုးထိုးရန်ရှာတတ်တဲ့ အမျိုးသားဖြစ်သူကို ဒေါ်စောက စိတ်ကုန်နေပါပြီ။
သူက “ ပိုက်ဆံရှာတော့ အတူတူရှာရတယ်ဆိုရင် ကျန်တဲ့အလုပ်တွေကိုလည်း အတူတူလုပ်ဖို့၊ သားတွေအတွက်ရော ရှေ့ရေးအတွက်ရော တခုခုလုပ်ကြဖို့ တိုင်ပင်တိုင်း မင်းကပူလောင်တယ် အေးချမ်းအောင် မနေတတ်ဘူးလားလို့ ပြောတယ် ပြီးတော့ ရန်ဖြစ်ကြတာပေါ့ ” တဲ့။

နွေးနွေး
“ သမီးစိတ်မရှည်တော့လို့ ရိုက်ခွဲလိုက်တာ ” ။ သူက နွေးနွေးတဲ့။
နွေးနွေးဆိုတာက ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်ရပ်ကွက်လေးတခုမှာနေတဲ့ အသက် ၂၂ အရွယ် မိန်းကလေး။
၃ နှစ်အရွယ် သမီးလေးနဲ့ ၁ နှစ်အရွယ် သားလေးတို့ရဲ့ မေမေ။ အမျိုးသားဖြစ်သူက နေ့ဘက်မှာ စက်ရုံအလုပ်လုပ်ပြီး ညဦးပိုင်းမှာတော့ စားသောက်ဆိုင်တခုမှာ ဧည့်ကြိုလုပ်တယ်။ မိသားစုမှာ သူ့ဝင်ငွေတခုပဲရှိပြီး အလုပ်နှစ်ခုရဲ့ တလစာ ဝင်ငွေက ၄ သိန်းစွန်းစွန်း။
သမီးလေးမမွေးခင် အထိကတော့ စက်ရုံတခုမှာ နှစ်ယောက်စလုံး အလုပ်လုပ်ကြတာဖြစ်ပေမယ့် ကလေးမွေးပြီး နောက်မှာတော့ နွေးနွေးက အလုပ်မလုပ်နိုင်တော့ပါဘူး။ ကျူးကျော်ရပ်ကွက်လေးမှာ တဲလေးထိုးပြီး နေတာကြောင့် အိမ်လခပူစရာ မလိုပေမယ့် ကုန်ဈေးနူန်းအရ ၄ သိန်းဆိုတဲ့ဝင်ငွေဟာ သူတို့အတွက်တော့ မဝရေစာပါပဲ။
ဒီလိုနဲ့ စိတ်မရှည်ပဲ ရိုက်ခွဲလိုက်တယ်ဆိုတဲ့ အခြေအနေဖြစ်လာခဲ့တာပါ။
သူက “ သမီးက အပိုဝင်ငွေလေးရအောင် ငါချဲရောင်းမယ်လို့ပြောတာကို မကြီးမောင်က ချဲရောင်းရအောင် အငတ်ထားလို့လား။ နင်ဘာအချိုးချိုးနေလဲဆိုတာ ငါသိတယ်။ ချဲရောင်းမယ်ဆိုပြီး အကောင်တွေနဲ့ ပလူးမလို့ မဟုတ်လား ဘာညာနဲ့ မူးလည်းမူးနေသေးတယ် အဲ့ဒါနဲ့ သမီးစိတ်မရှည်တော့လို့ ရိုက်ခွဲလိုက်တာ ” လို့ သူ့ယောက်ကျား ခေါင်းကွဲသွားတဲ့အကြောင်းကို ရှင်းပြပါတယ်။
ဒါပေမယ့် သူ့မျက်နှာမှာလည်း အညိုအမဲတွေနဲ့ပါပဲ။
နွေးနွေးတို့နှစ်ယောက်မှာ အမျိုးသားဖြစ်သူက ၄ နှစ်ကြီးသလို နွေးနွေးကိုလည်း ဂရုတစိုက်နဲ့ ချစ်ပေးတတ်တဲ့ အမျိုးသားအဖြစ် အခုဆောင်းပါးရေးသူနဲ့သိခဲ့ကြတာ စစ်တပ်အာဏာမသိမ်းခင်ကတည်းကပါ။
ပြီးခဲ့တဲ့ ၂၀၂၃ သားဦးလေးမွေးဖွားပြီးချိန်ကစလို့ နှစ်ယောက်သား မကြာခဏရန်ဖြစ်တတ်ကြသလို ရန်ဖြစ်ရတဲ့ အကြောင်းရင်းဟာ ဝင်ငွေမလုံလောက်မှုကြောင့်ပါပဲ။ စဖြစ်တုန်းကတော့ အမျိုးသားဖြစ်သူက ရိုက်နှက်တာမျိုး မရှိပေမယ့် အချိန်တခုကစလို့ ရိုက်နှက်မှုတွေ စတင်လာခဲ့တာပါ။
“ကျွန်တော်လက်မပါသင့်ဘူးဆိုတာကို အမြဲသတိထားတယ်။ ဒါပေမယ့် မကြီးရယ် ကျွန်တော် မထိန်းနိုင်ဘူး။ ကျွန်တော် ဒီလောက်လုပ်နေပါရဲ့နဲ့ မလောက်ငှနိုင်တာကိုလည်း စိတ်တိုတယ်။ မလောက်ငှတာကို မလောက်ငှဘူးလို့ ပြောတာကိုလည်း စိတ်တိုတယ်။ သူများမေးငေါ့တာခံရမယ့် အလုပ်ကို သူလုပ်မှာကိုလည်း စိတ်တိုတယ် ” လို့ အမျိုးသားဖြစ်သူက ဆိုပါတယ်။
ဖုန်းပြောနေရင်း ခေါင်းငုံ့သွားတဲ့ ကောင်လေးဖြစ်သူရဲ့ နောက်ကျောမှာ မြန်မာဗျည်းအက္ခရာနဲ့ အင်္ဂလိပ်ဗျည်းအက္ခရာ ပိုစတာတွေကို မြင်နေရပါတယ်။ အဲ့ဒီပိုစတာတွေအောက်မှာတော့ ဆေးပုလင်းတချို့နဲ့ ကလေးအဟာရ ဖြည့်စွက်စာဘူးတွေက စီတန်းလို့ပါ။
ကျူးကျော်တဲလေးပေမယ့် အမိုး၊ အကာ၊ အခင်းကို ကလေးတွေ အန္တရာယ်မဖြစ်အောင် ခိုင်ခိုင်ခန့်ခန့် သပ်သပ်ရပ်ရပ် လုပ်ထားတာကိုလည်းတွေ့ရပါတယ်။ ဒီလိုလုပ်နိုင်ဖို့ အသုံးစရိတ်တွေ မပါသေးပဲနဲ့ သူတို့ရဲ့ ၁ လ အသုံးစရိတ်ဟာ ဘယ်လောက်ရှိနေတာလဲ။
အညံ့ဆုံးဆန်အမျိုးအစားဆန် တပြည်ကို ၅၀၀၀ ကျပ်ရှိပြီး ၂ စည်းကြော်မှလောက်တဲ့ ကန်စွန်းရွက်က ၁ စည်းကို ကျပ် ၇၀၀။ ဆန်၊ဆီ၊ဆား၊ အချိုမှုန့်၊ ငါးပိ၊ ငရုတ်သီး၊ မီးသွေးနဲ့ အသားငါးမပါတဲ့ ချက်ပြုတ်စရာတွေချည်းပဲ တွက်ရင် သူတို့မိသားစုရဲ့ တရက်အသုံးစရိတ်ဟာ ငွေကျပ် ၇ ထောင်ဝန်းကျင်။
ကလေးတွေအတွက် အဟာရဖြည့်စွက်စာ၊ ဖုန်းဘေလ်၊ ဖယောင်းတိုင်၊ ခြင်ဆေး၊ သောက်သုံးရေ အပါအဝင် ရပ်ကွက်ကကောက်ခံတဲ့ ဘာကြေးညာကြေးတွေပေါင်းလိုက်ရင် ဝင်ငွေ ကျပ် ၄ သိန်းဆိုတာဟာ မသေထမင်း မသေဟင်းမျှသာ။
“တရက်ကို ၅ နာရီလောက်ပဲ အိပ်ရတဲ့ သူ့ကိုလည်း သနားတယ်။ ဒါပေမယ့် မကြီးရယ် ကလေးတွေက ကြီးလာမှာ ပြီးတော့ စစ်မှုထမ်းဆိုတာကလည်း ရှိသေးတယ်။ သူမရှိရင် သမီးက ကလေးနှစ်ယောက်နဲ့။ သူဘာလို့ ဒေါသထွက်နေတာလည်းဆိုတာကို နားလည်သလို သမီးဘာလို့ ဒါတွေလုပ်ချင်တာလဲဆိုတာကို သူ့ကိုနားလည်စေချင်တာ ” လို့ ပြောရင်း နွေးနွေးတယောက် မျက်ရည်တွေကို စပန့်အင်းကျီ လက်အနားစနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်ပါတယ်။

မဘေဘီကျော်
သနပ်ခါးတွေဖုံနေအောင်လူးထားပြီး ဆံပင်ကို ဘီးဆံပတ်ထုံးထားတဲ့ မျက်နှာ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ မဘေဘီကျော်က ကုန်ဈေးနှုန်းတွေအကြောင်း ပြောနေချိန်မှာ ရယ်လိုက်မောလိုက်ပါပဲ။
ဆန်အရည်အသွေးကို လျော့ချလိုက်ရတဲ့အကြောင်း၊ ပဲဆီမစားနိုင်တော့တဲ့အကြောင်း၊ အချိုမှုန့်မ ရှောင်နိုင်တော့တဲ့အကြောင်း၊ ချစ်ရတဲ့ ခွေးလေးတွေလည်း မမွေးနိုင်တော့တဲ့အကြောင်း၊ အသားဟင်းကို တပတ်နှစ်ရက်ပဲ စားဖြစ်တော့တဲ့အကြောင်း၊ ကိုယ်ပိုင်အိမ်ကို ငှားထားပြီး သားအမိနှစ်ယောက်တည်းနေလို့ရတဲ့ ဈေးသက်သာတဲ့ အိမ်မှာငှားနေတဲ့အကြောင်း အဲ့ဒီအကြောင်းတွေ ပြောနေတုန်းက သူ့မျက်နှာ အမူအရာဟာ ပုံမှန်ပါပဲ။
သားကို ကျောင်းဆက်ထားမှာလားလို့ မေးလိုက်တော့မှ “ အေးဟာ ” ဆိုပြီး အစချီလာတဲ့ သူ့မျက်ဝန်းဟာ ချက်ချင်းဆိုသလို နီရဲလာခဲ့တာပါ။
သူက အလယ်တန်းပြ ဆရာမ။ အာဏာမသိမ်းခင်က ကြံ့ခိုင်ရေးပါတီကို ထောက်ခံအားပေးသူဖြစ်ပေမယ့် မဲလိမ်မဲခိုးတယ်ဆိုတဲ့ စစ်တပ်ရဲ့ စွပ်စွဲချက်ကြောင့် CDM ပြုလုပ်ခဲ့သူပါ။ CDM လုပ်တာကြောင့် မိးသားစုဆီတိုက်ရိုက်ရောက်လာတဲ့အကျိုးဆက်ကတော့ သဘောထားခြင်း မတိုက်ဆိုင်ဘူးဆိုပြီး အမျိုးသားဖြစ်သူက ကွာရှင်းသွားတာပါပဲ။
ရင်းနှီးကြသူတွေက ဘေဘီကျော်လို့ ခေါ်ကြတဲ့ သူ့မှာ မွေးရာပါ ပန်းနာရင်ကြပ်ရှိတဲ့ သားလေးတယောက်ရှိပြီး ကလေးကို သူကပဲ စောင့်ရှောက်ခွင့်ရယူထားပါတယ်။
“ အေးဟာ ” ဆိုတဲ့နောက်မှာ သူဆက်ပြောလာတာက “ ငါကတော့ ထားချင်တာပေါ့ ” တဲ့။
သားဖြစ်သူကို အရင်ကတည်းက ကိုယ်ပိုင်ကျောင်းမှာ ထားခဲ့ပေမယ့် အခုစာသင်နှစ်မှာပဲ ငွေကြေးဆိုင်ရာ ကြပ်တည်းမှုတွေရှိ လာတာကြောင့် ကျောင်းဆက်ထားဖို့ကို စဉ်းစားရခက်နေတာပါ။ အသက်အားဖြင့် ၁၁ နှစ်ရှိပြီဖြစ်ပြီး စာလည်းတော်တဲ့ သားဖြစ်သူကို စစ်ကောင်စီလက်အောက်က ကျောင်းတွေမှာ ထားဖို့ကိုတော့ ဘယ်တော့မှ မလုပ်ဘူးလို့ သူကဆိုပါတယ်။
ဒါဆိုရင် ကျောင်းနားလိုက်မှာလား ဆိုတဲ့မေးခွန်းအတွက်လည်း သူ့မှာအဖြေမရှိနေပါဘူး။
ဒီလိုဖြစ်ရခြင်းအကြောင်းရင်းက တခုတည်းပါပဲ။ အဲ့ဒါကတော့ ကုန်ဈေးနှုန်းတွေ အဆမတန် တက်လာတာကြောင့်ပါ။
ကျူရှင်သင်တာတွေနဲ့ အိမ်လခထဲက ပိုတာတွေက လွန်ခဲ့တဲ့ နှစ်တွေက သားအမိနှစ်ယောက်အတွက် ဖူလုံလောက်ငှခဲ့ပေမယ့် ၂၀၂၄ ခုနှစ်နှောင်းပိုင်းကတည်းက ခက်ခဲကြပ်တည်းလာခဲ့ပါတယ်။
တလကို ဝင်ငွေ စုစုပေါင်း ၁၀ သိန်းဝန်းကျင်ရှိပေမယ့် လက်ရှိအသုံးစရိတ်တွေအရ သားဖြစ်သူရဲ့ ရင်ကြပ်ရောဂါအတွက်ချည်း သက်သက် အသုံးစရိတ်က ၆ သိန်းဝန်းကျင်လောက် ရှိတယ်လို့ မဘေဘီကျော်က ရှင်းပြပါတယ်။
ဒါဟာ ရောဂါက ဆိုးဝါးလာတာ မဟုတ်ဘဲ တူညီတဲ့ဆေး အမျိုးအစားတွေကိုသာ ဝယ်ရင်းကနေ ဈေးတက်တာ၊ ဝယ်ရမလွယ်ကူတာတွေကြောင့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းလောက်က တလကို ၂ သိန်းဝန်းကျင်သာ ကျသင့်ခဲ့တဲ့ ဆေးဖိုးက အခုဆိုရင် ၆ သိန်းဝန်းကျင်လောက်အထိ ဖြစ်လာခဲ့တယ်လို့ သူက တွက်ချက် ပြပါ တယ်။
သူက မျက်တောင်တွေကို တဖျတ်ဖျတ်ခတ်ရင်း “ ငါ့ဝင်ငွေနဲ့ဆိုရင် ကလေးကို ကျောင်းထားမလား၊ ဆေးကုမလား တခုပဲရွေးလို့ရမယ်ဟာ။ ဘာလုပ်ရမလဲကို မသိတော့ဘူး ” လို့ ဆိုပါတယ်။
မဘေဘီကျော်ရဲ့ တနေ့အလုပ်ချိန်ဟာ ၁၁ နာရီ မိနစ် ၃၀ ရှိပါတယ်။ နံနက် ၆ နာရီကနေ ၉ နာရီထိ အွန်လိုင်းကျူရှင်၊ နေ့လယ် ၁ နာရီကနေ ညနေ ၃နာရီ ခွဲထိ အွန်လိုင်းကျူရှင်၊ ညနေ ၄ နာရီကနေ ၈ နာရီထိကို ကျူရှင်ဝိုင်း၊ ည ၉ နာရီကနေ ၁၁ နာရီထိကို အွန်လိုင်းကျူရှင်။
အွန်လိုင်းကျူရှင်တွေသင်ရင်း အိမ်မှုကိစ္စတချို့ကို လုပ်လို့ရပေမယ့် အလုပ်ချိန်တွေများလွန်းတာကြောင့် သားဖြစ်သူကို ကိုယ်တိုင်ပဲ စာသင်ဖို့ဆိုတာကလည်း အဆင်မပြေဘူးလို့ သူက ဆိုပါတယ်။
သူက “ ငါက ဆရာမဟာ ဒါပေမယ့် ကလေးကို ကျောင်းမထားနိုင်ဘူး အဲ့ဒါက လောဆယ်တော့ ဖြေသိမ့်လို့မရသေးဘူး။ တခါတခါ ငါမှားသွားလားတွေးပေမယ့်လည်း ငါ CDM မလုပ်ခဲ့လည်း ဒီအခြေအနေက မလွယ်ကူနိုင်လောက်ဘူး ” လို့ သူ့ခံစားချက်ကို ပြောပါတယ်။
သားဖြစ်သူကတော့ မိခင်ရဲ့သောကကို နားလည်တာကြောင့် ကျောင်းမတက်ရလည်း မိခင်ဖြစ်သူ သင်နေတဲ့ အတန်းတွေမှာ တက်ရင်း စာကိုဆက်လေ့လာမယ်လို့ ဆိုပါတယ်။
မဘေဘီကျော်ကတော့ သားရဲ့ သိတတ်လိမ္မာမှုဟာ သူ့ကို ပိုရင်နာရစေတယ်တဲ့။
(DNA က စုံစမ်းသိရှိထားတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းပြောင်းလဲမှုတွေကို ပုံတွေနဲ့ဖော်ပြထားပါတယ်)
ဒီစာရင်းဟာ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတို့က ရရှိတဲ့အချက်အလက်တွေကို ပျှမ်းမျှတွက်ချက်ထားတဲ့ စာရင်းဖြစ်ပါတယ်။ ဒါကြောင့် တချို့ဒေသတွေနဲ့တော့ ကိုက်ညီမှု အားနည်းနိုင်ပါတယ်။
စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကတော့ မြေပြင်ကနေရရှိတာရဲ့ ထက်ဝက်လျော့နည်းနေတဲ့ ဈေးနူန်းတွေဖြစ်ကြောင်းတွေ့ရပါတယ်။
