ထိုင်ဝမ်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး ထိခိုက်ပျက်စီးမှု၊ သေဆုံးမှုတွေ ရှိခဲ့

ဧပြီ၊ ၃

ထိုင်​ဝမ်နိုင်ငံမှာ အင်အားပြင်း ငလျင်ကြီးတခု လှုပ်ခတ်ခဲ့တဲ့နောက် ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဧပြီ ၃ ရက် မနက်အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၄ အဆင့် ငလျင်ကြီးကြောင့် အနည်းဆုံး ၁ ဦး သေဆုံးခဲ့သလို ငလျင် ဗဟိုချက်နဲ့ နီးကပ်ရာ တောင်ပိုင်း ကမ်းရိုးတန်းမြို့ ဟွာလျန်မှာလည်း လူနေ တိုက်ကြီးတလုံး ၄၅ ဒီဂရီ တိမ်းစောင်းပြီး ဆိုးဆိုးရွားရွား ပျက်စီးသွားတာ တွေ့ရပါတယ်။

ငလျင်ကြောင့် နေရာတချို့မှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့သလို ဓာတ်အားလိုင်းတွေလည်း ပြတ်တောက်ကုန်တယ်လို့ ဆိုပါတယ်။ ငလျင်နောက်ဆက်တွဲ ပျက်စီးမှုနဲ့ ထိခိုက်သေကြေမှု သတင်းတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ထိုင်ဝမ်ကမ်းလွန်မှာ ငလျင်လှုပ်ခတ်ခဲ့တဲ့နောက် ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ဖိလစ်ပိုင်တို့မှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေကို အရေးပေါ် ထုတ်ပြန်ခဲ့ရပါတယ်။

ဂျပန်တောင်ပိုင်းက လူမနေတဲ့ ကျွန်းတခုမှာ ၁ ပေလောက်မြင့်တဲ့ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့တဲ့နောက် ဂျပန်က ဆူနာမီ အရေးပေါ် ကြေညာချက်ကို ရုပ်သိမ်းခဲ့ပါတယ်။

ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့နောက် ထိုင်ဝမ်မှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူဦးရေ ၂၃ သန်းလောက် နေထိုင်ရာ ထိုင်ဝမ်ကျွန်းအနှံ့ ရထားပြေးဆွဲမှုတွေကို ရပ်ဆိုင်းထားလိုက်ရတဲ့ အတွက်လည်း ပို့ဆောင်ဆက်သွယ်ရေး အခက်အခဲတွေ ဖြစ်ပေါ်လာပါတယ်။ အထူးသဖြင့် ထိုင်ဝမ်အရှေ့ဖက် ကမ်းရိုးတန်းတလျှောက် သွားလာရေး လမ်းကြောင်းတွေက လောလောဆယ် လုံးဝနီးပါး ပြတ်တောက်နေပါတယ်။

ထိုင်ဝမ်ဟာ ကျောင်းတွေနဲ့ ရုံးတွေမှာ ငလျင်အန္တရာယ်အတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်မှုတွေ မကြာခဏ ပြုလုပ်ထားတာကြောင့် လူထုဟာ အစောပိုင်းမှာ အထိတ်တလန့် ဖြစ်သွားပေမယ့် မိနစ်ပိုင်းအတွင်း အခြေအနေကို တည်တည်ငြိမ်ငြိမ် တုံ့ပြန်လာနိုင်ခဲ့ကြပါတယ်။

အခုငလျင်ဟာ ထိုင်ဝမ်မှာ ၂၅ နှစ်တာအတွင်း အပြင်းထန်ဆုံးအဖြစ် တိုင်းတာရရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ထိုင်ဝမ်မှာ ရစ်ချ်တာစကေး ၇.၇ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် ၂၄၀၀ ကျော် သေဆုံးပြီး လူပေါင်း သိန်းနဲ့ချီ ဒဏ်ရာရခဲ့သလို အဆောက်အအုံ ထောင်နဲ့ချီ ပျက်စီးပြိုကျခဲ့ပါတယ်။

 

Ref: AFP