စစ်တပ်ရဲ့ လက်နက်ကြီးဒဏ်ခံ ဓမ္မသရွာကို ကူညီဖို့ ထိုင်းလူငယ် ဘောလုံးသမားရဲ့ ဂျာစီ လေလံတင်ရောင်းချ

ဧပြီ၊ ၃

အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးဒဏ်ကြောင့် အိမ်ခြေ ၃၀၀ ကျော် ပြာကျ ပျက်စီးခဲ့တဲ့ ဓမ္မသရွာအတွက် မွန်တိုင်းရင်းသားအနွယ် ထိုင်းလူငယ် လက်ရွေးစင် ဘောလုံးသမား တဦးက သူ့ရဲ့ လက်ရွေးစင်အသင်း ဂျာစီကို လေလံတင် ရောင်းချခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ် ပေါင်ဆာခွန် ဆန်ခါဆိုဖာဟာ မနှစ်တုန်းက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ AFC U17 အာရှဖလား ပြိုင်ပွဲမှာ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၅ ဂျာစီကို လေလံတင်ခဲ့ပြီး မွန်အမျိုးသမီး တဦးက အမြင့်ဆုံးစျေး ဘတ် ၃၆၅၀၀ နဲ့ ဝယ်ယူသွားတာ ဖြစ်ပါတယ်။

 ပန်ဆာခွန်က အဲဒီရရှိသမျှ ငွေကြေး အားလုံးကို ကျိုက်မရောမြို့နယ်ထဲမှာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အကြီးအကျယ် ပျက်စီးမှုတွေ ကြုံခဲ့ရာ မွန်တိုင်းရင်းသား အများအပြား နေထိုင်ရာ ရွာတခုဖြစ်တဲ့ ဓမ္မသအတွက် ပေးအပ် လှူဒါန်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ပန်ဆာခွန်က လေလံအစီအစဉ်မှာ ပါဝင်ခဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး သူတို့ရဲ့ ပူးပေါင်းမှုဟာ ဓမ္မသရွာ စစ်ဘေးသင့် ပြည်သူတွေကို ကူညီပံ့ပိုးရာ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူက လေလံစျေးဟာ မျှော်လင့်မထားလောက်အောင် အများဆုံး ရရှိခဲ့တာကြောင့်လည်း ပီတိဖြစ်မိကြောင်း ဝန်ခံခဲ့ပါတယ်။

ပန်ဆာခွန်ဟာ မွန်မိဘနှစ်ပါးက ထိုင်းနိုင်ငံ၊ ဆန်ခလာဘူရီမှာ မွေးဖွားခဲ့ပြီး အခုအသက်အရွယ်မှာတင် ရတ်ချာဘူရီ အသင်းမှာ ပရော်ဖက်ရှင်နယ်အဖြစ် စတင် ကစားနေပါပြီ။ သူဟာ ထိုင်းရဲ့ သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းတွေမှာလည်း ရွေးချယ် ခံထားရပါတယ်။

ပန်ဆာခွန်က ဓမ္မသရွာ အကြောင်းကို သတင်းတခုမှာ ဖတ်မိရာက အခုလို အကူအညီမျိုး ပေးနိုင်ဖို့ စဉ်းစားခဲ့တာလို့ ပြောပြပါတယ်။ မတ်လ ၂၇ ရက်နေ့တုန်းက ဂျိုင်းမြစ်ထဲမှာ ရှိနေတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ရေယာဉ်တွေက အဲဒီရွာကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းမှုတွေ ဖြစ်ခဲ့ပြီး အိမ်ပေါင်း ၃၀၀ လောက် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

အစွမ်းကုန် ရက်စက်ယုတ်မာတဲ့ စစ်တပ်ဟာ မီးငြှိမ်းဖို့ လာရောက်တဲ့ မီးသတ်ကားတွေကိုပါ ရွာထဲ ဝင်ခွင့်မပေးခဲ့တာကြောင့်လည်း ပျက်စီးမှု အခြေအနေတွေက ပိုပြီး ဆိုးရွားသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်အပြီး ဓမ္မသ ရွာသူရွာသားတွေဟာ နေရပ် မပြန်ရဲသေးဘဲ နီးစပ်ရာ တောတောင်တွေနဲ့ လှိုဏ်ဂူတွေထဲမှာ ပုန်းခိုနေရတယ်လို့လည်း သိရပါတယ်။

မတ်လကုန်တုန်းက ဒေသတွင်းမှာ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ အာဏာသိမ်း စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် ဓမ္မသ ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ နေ့တုန်းကတော့ တိုက်ပွဲတွေ လုံးဝ ရှိမနေခဲ့ဘဲ အရပ်သား ဧရိယာတခုကို စစ်တပ်က အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

Ref: Bangkok Post