ရေစကြိုမှာ အိမ်စီးကားနဲ့လာတဲ့ စစ်သားတွေပစ်ခတ်ခံရလို့သေဆုံးထိခိုက်မှုရှိ၊ သေနတ်နှစ်လက်ရ

ဧပြီ ၊ ၂ 

မကွေးတိုင်း၊ ရေစကြိုမြို့ မှာ စစ်ကောင်စီတပ်သားတွေမောင်းနင်းလာတဲ့ကားကို လမ်းမှာစောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး သေနတ် နှစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရေစကြို ပြည်သူကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီခွဲလောက်မှာ  စစ်ကောင်စီတပ်ရဲ့ ခလရ ၂၅၈ ကတဆင့် ရေစကြိုမြို့အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီကားကို မြို့အဝင်လမ်းမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကျွန်တော်တို့က နေရာကြိုတင်ယူထားတဲ့အတွက် လက်ဦးမှုရခဲ့တယ်၊သူတို့ကားကိုပစ်လိုက်ချိန်မှာ ကားသမားရော တခါ တည်းသေပြီး ကားကကျွမ်းပြန်ပြီးရပ်သွားချိန် တခါတည်းရှင်းလင်းခဲ့တာပါ” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်သား ငါးဦးက အဖြူရောင် alphard ကားနဲ့ ရေစကြိုမြို့ကိုလာရောက်တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် သုံးဦး နေရာမှာတင် သေဆုံးခဲ့သလို နှစ်ဦးက ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီစစ်ဆင်ရေးနဲ့ ပက်သက်ပြီး ရေစကြိုမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ သတင်းထုတ်ပြန် ထားသလို ထွက်ပြေးသွားတယ်လို့ ယူဆရတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တာ ကိုလည်း တွေ့ရပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်သားတွေကိုင်ဆောင်တဲ့ MA -4 နဲ့ MA -1 အမျိုးအစား သေနတ် တစ်လက်ဆီအပါအဝင် ၄၀ မမ ဗုံးသီးသုံးလုံးနဲ့ ကျည်ဆံတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

“သူတို့ထွက်လာတဲ့ နေရာကမြို့နဲ့ဆိုရင် တမိုင်ခွဲလောက်တော့ရှိမှာပေါ့၊ဖြစ်စဉ်ဖြစ်တဲ့နေရာနဲ့ ရဲစခန်းနဲ့က မီတာ ၂၀၀ လောက်ပဲဝေးတယ်ဆိုတော့ ရဲစခန်းထဲက ပစ်ကူပေးခဲ့တယ်။ ဒါပေမယ် ရန်သူလက်နက်ရအောင် ကောက်နိုင်ခဲ့တယ် ညနေကျမှ သူတို့ကားကို လာသယ်သွားတယ် “ လို့ ရေစကြို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီကို အားပေးထောက်ခံရေးသားနေတဲ့တယ်လီဂရန်ချန်နယ်တွေမှာတော့ အဲဒီဖြစ်စဉ်အတွင်းး စစ်သားတဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့သလို လက်နက် တချို့ကို PDF တွေယူဆောင်သွားတယ်လို့ ရေးသားထားတာတွေ့ ရပါတယ်။