
“၆၆ က ဂွမှာအလံစိုက်မယ်လို့ ကြွေးကြော်ထားတယ်၊ အရပြန်ယူမယ်ပေါ့။ ပြီးတော့ ဧရာဝတီထဲမှာလည်း ၆၆ ပဲ တပ်ဖြန့်ထားတာ ။ ၃၄၄ ၊ ရေကြည်၊သာပေါင်း၊လေးမျက်နှာဘက်မှာလည်း ၆၆ တွေချည်းပဲ”
၂၇၊ဩဂုတ်
ရေဘေးသင့်နေတဲ့ ဧရာဝတီတိုင်းအတွင်းကို မနေ့က တနေ့တည်းမှာတင် ပြည် နဲ့ ရန်ကုန် နှစ်ဖက်ကနေ စစ်ကားစုစုပေါင်း အစီး ၈၀ ခန့်ဝင်ရောက်လာပြီး ၊ စစ်အင်အား ၁,၅၀၀ ကနေ ၁,၆၀၀ နီးပါး ပါလာနိုင်တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။
“ပြည်ဘက်ကနေ စစ်ကားတန်းတစီး ဆင်းလာတယ်။တပ်မ ၅၅ ဖြစ်ဖို့များတယ်။ ကားကြီး အစီး ၄၀ကျော် ၄၅ စီးလောက် ရှိတယ်။ အင်အား ၈၀၀ ရာကျော်ပါတယ်။ ဟင်္သာတကနေ အခု အထောင်ကို ကျော်သွားလောက်ပြီ”လို့ ဒေသတွင်း သတင်းရင်းမြစ်တခုက ပြောပါတယ်။
အဲဒီ စစ်ကားတန်းဟာ မူလက ကျုံပျော်က ခလရ ၃၆ ကိုဝင်မယ်လို့ ခန့်မှန်းခဲ့ရပေမယ့် ညနေပိုင်းမှာတော့ ဒါးကကို ဆက်ဖြတ်သွားပြီး ပုသိမ်ကို အရောက်မောင်းသွားတယ်လို့ သတင်းရပါတယ်။ဒါ့အပြင် မနေ့က ညနေပိုင်းမှာပဲ ရန်ကုန်-ပုသိမ် ကားလမ်းအတိုင်း ကားအစီးရေ ၃၀ ကျော်ပါတဲ့ ကားတန်းတခု ပုသိမ် နတခထဲကို ဝင်ရောက်ခဲ့တယ်လို့ သတင်းရပါတယ်။
“သာပေါင်း နဲ့ စက်ဒေါင့်ကြီးဘက်ကို ဖြည့်လိမ့်မယ် ထင်တယ်”လို့ ဧရာဝတီရဲ့ စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူတဦးက မှတ်ချက်ပေးပါတယ်။ ဧရာဝတီတိုင်းမှာ တပ်မ ၆၆ ဟာ အထိုင်တပ်အဖြစ် တနှစ်ကျော်ကြာ ထိုးစစ်ဆင်နေပြီး ရေကြည်၊သာပေါင်း မြို့နယ်တွေထဲကနေ ရခိုင်ပြည်နယ် တောင်ဘက်စွန်းပိုင်းရှိ ဂွမြို့ကို ပြန်လည်ရနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
“၆၆ က ဂွမှာအလံစိုက်မယ်လို့ ကြွေးကြော်ထားတယ်၊ အရပြန်ယူမယ်ပေါ့။ ပြီးတော့ ဧရာဝတီထဲမှာလည်း ၆၆ ပဲ တပ်ဖြန့်ထားတာ ။ ၃၄၄ ၊ ရေကြည်၊သာပေါင်း၊လေးမျက်နှာဘက်မှာလည်း ၆၆ တွေချည်းပဲ”လို့ သူက ဆက်ပြီး ပြောပါတယ်။
လေးမျက်နှာ တာကျိုးပေါက်ပြီးနောက် လေးမျက်နှာ၊ရေကြည်၊ဟင်္သာတ၊ကျုံပျော်မြို့နယ်တွေမှာ ရေဘေးဒုက္ခကို ရင်ဆိုင်နေရပေမယ့် နေ့စဉ်နဲ့အမျှလည်း လက်နက်ကြီးသံတွေကို မြို့ပေါ်ကနေ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်လို့ ကျုံပျော်မြို့သူ တဦးက ပြောပါတယ်။
“အခုတောင် အသံတွေ ကြားနေရတယ်၊ တဒိန်းဒိန်းနဲ့ လက်နက်အကြီးကြီး အသံ ။ တုန်ခါမှု ရှိတယ်။ နေ့တိုင်းကြားနေရတော့ ရိုးနေပါပြီ”လို့ ဒီမနက် မြန်မာစံတော်ချိန် ၁၀ နာရီ ၁၀ မိနစ်မှာ DNA ကို ပြောပါတယ်။
သူမရဲ့ မှတ်ချက်အရ ကျုံပျော် ခလရ ၃၆ ထဲကနေ ရေကြည်၊လေးမျက်နှာ ဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီနေ့ မွန်းတည့် ၁၂ နာရီ နောက်ဆုံးရခဲ့တဲ့ သတင်းတွေအရ မနေ့က ညနေ ပုသိမ် နတခမှာ စုရပ်လုပ်ခဲ့တဲ့ စစ်ယဉ်တန်းတွေထဲက တဝက်ဟာ ဒီမနက် ၆ နာရီခန့်မှာ ကမ်းခြေလမ်းတွေဖြစ်တဲ့ သာပေါင်းနဲ့ ချောင်းသာဘက်ကို ခွဲဆင်းသွားကြပြီး တဝက်ဟာ နတခထဲမှာ ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။
#ဧရာဝတီ #စစ်တပ် #အင်အားဖြည့်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်