ငါးသိုင်းချောင်းမှာ ရေအနည်းငယ်ပြန်ကျနေပေမယ့် ရေဘေးရှောင်သူတွေ အိမ်မပြန်နိုင်သေး

“နည်းနည်းကြာမယ်၊ သန့်ရှင်းရေးပါ ဆက်ကူပေးရမယ့် အခြေအနေရှိတယ်။ အပျက်အစီးတွေကိုတော့ ရေအားလုံး ကျသွားမှ အခြေအနေသိရတယ်”

၂၇၊ ဩဂုတ်။

“မြို့လယ်လမ်းတွေမှာ ရှစ်လက်မလောက်ကျနေပြီ။ ဒါပေမယ့် ရေက အများကြီးတက်ထားတော့ လူတရပ်နီးပါးက ရှိသေးတယ်။ အိမ်တွေမြုပ်နေတုန်းပဲ။ စခန်းတွေမှာလည်း လူတွေ ရှိနေသေးတယ်” လို့ ငါးသိုင်းချောင်းမြို့ခံတဦးက ပြောပါတယ်။။

“မြို့လယ်လမ်းတွေမှာ ရှစ်လက်မလောက်ကျနေပြီ။ ဒါပေမယ့် ရေက အများကြီးတက်ထားတော့ လူတရပ်နီးပါးက ရှိသေးတယ်။ အိမ်တွေမြုပ်နေတုန်းပဲ။ စခန်းတွေမှာလည်း လူတွေ ရှိနေသေးတယ်” လို့ ငသိုင်းချောင်းမြို့ခံတဦးက ပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့ည ၁၁ နာရီခွဲမှာ လေးမျက်နှာ၊ မြစ်ကျိုးရေကာတာ စတင်ကျိုးခဲ့တာ ဖြစ်ပြီး ဩဂုတ်လ ၆ ရက်နေ့မှာ ငါးသိုင်းချောင်းမြို့ကို ရေစတင် ဝင်ရောက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် ငါးသိုင်းချောင်းမြို့ ရေမြုပ်နေခဲ့တာ ရက် ၂၀ ကျော်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

အခုအခါမှာ ရေစကျနေပြီဖြစ်ပေမယ့် ဒီရက်ပိုင်းအတွင်း မြန်မာပြည် အလယ်ပိုင်းနဲ့ ဧရာဝတီတတိုင်းလုံး အတိုင်းအတာနဲ့ မိုးရွာသွန်းဖို့ ရှိနေပြီး ပင်လယ်မှာလည်း လပြည့်ရေထရက် ဖြစ်တာမို့လို့ မကြာမီ ရက်အတွင်းမှာ မြစ်ရေ ပြန်တက်လာဖို့ ရှိနေတယ်လို့ မိုးဇလပညာရှင်တွေက တွက်ချက်ထားကြပါတယ်။ ဒါကြောင့် ရေဘေးရှောင်ပြည်သူတွေ အိမ်ပြန် ဝင်နိုင်လောက်တဲ့ထိ ရေပြန်ကျဖို့ကတော့ ကြာနိုင်ဦးမယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ငါးသိုင်းမြို့မှာ အထိုင်ချပြီး ရေဘေးကူညီပေးနေသူတဦးကလည်း ရေပြန်ကျဖို့ ကြာနိုင်အုံးမှာဖြစ်ပြီး ရေကျသွားခဲ့ရင်လည်း ကျန်နေခဲ့တဲ့ ရွှံ့နွံတွေကို ရှင်းပေးဖို့၊ အပျက်အစီးတွေ ကူညီပေးဖို့ လိုဦးမယ်လို့ ငါးသိုင်းချောင်းမြို့ခံက ပြောပါတယ်။

“နည်းနည်းကြာမယ်၊ သန့်ရှင်းရေးပါ ဆက်ကူပေးရမယ့် အခြေအနေရှိတယ်။ အပျက်အစီးတွေကိုတော့ ရေအားလုံး ကျသွားမှ အခြေအနေသိရတယ်” လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ငါးသိုင်းချောင်းမြို့ပေါ် ရေဘေးရှောင်စခန်းတွေနဲ့ တာဘောင်ပေါ် တဲထိုးနေကြတဲ့ ရေဘေးသင့် ပြည်သူတွေအတွက် ရေသန့်၊ အစားအစာ၊ ဆေးဝါးတွေကို လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

“ရေပြင်ကျယ်ကြီးမှာ မိုးကရွာနေတယ်။ သောက်သုံးရေအခက်အခဲကလည်း ရှိနေတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ကျိုးကျမှုနောက်ဆက်တွဲ ရေကြီးနေတာဖြစ်ပြီး ၂၈ ရက်ကြာတဲ့ထိ တာပေါက်မပိတ်နိုင်သေးဘဲ လေးမျက်နှာ၊ ဟင်္သာတာ၊ ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်း မြို့နယ် တွေထိပါ ရေကြီးနေတာဖြစ်ပါတယ်။အဲဒီလို ရေကြီးတဲ့အပြင် ရေဘေးသင့်ဒေသအချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဖျားနာသူတွေလည်း စရှိလာနေပြီး ဆေးဝါး လိုအပ်ချက်တွေ ရှိနေပါတယ်။

ငဝန်မြစ်တာဘောင်ဟာ လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်နိမ့်ဆင်း၊ ရေစိမ့်ရာကနေ ထိန်းမနိုင်တဲ့ထိ ကျိုးပေါက်သွားတာကြောင့်ဖြစ်ပါတယ်။ အဲဒီတာဘောင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်က စပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ အခုအခါမှာတော့ တာ ဘောင်အပေါက်ဟာ ပေ ၂၉၀ လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်ပါတယ်။

အဲဒီတာကျိုးတာဟာ စစ်အစိုးရရဲ့ ပြုပြင်ထိန်းသိမ်းမှုအားနည်းမှုကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ပြောထား ကြပါတယ်။ ဧရာ၀တီတိုင်းမှာ ပြီးခဲ့တဲ့ ၁၉၉၁ ခုနှစ် ထိန်ငူရေကာတာကျိုးပေါက်တုန်းကလည်း နှစ်လခွဲကျော်ကြာ မြင့်ခဲ့ပြီး ပြည်သူတွေ အခက်အခဲများစွာနဲ့ ကြုံခဲ့ကြရပါတယ်။

အခုရေဘေးဟာလည်း လနဲ့ချီကြာနိုင်တာကြောင့် အစိုးရအနေနဲ့ ထိထိရောက်ရောက်ကူညီပေးဖို့ လိုအပ်တယ်လို့ ကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

#ငါးသိုင်းချောင်း #ရေဘေးရှောင် #မပြန်နိုင်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်