ခေါပုတ်စခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက အရာရှိတွေအပါအဝင် ၁၇ ဦးကို ဖမ်းမိ

Photo – BPLA

နိုဝင်ဘာ၊ ၃ 

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၅)နယ်မြေ၊ ဖာပွန်ခရိုင်ထဲက ခေါပုတ်တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေထဲက တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီး သုံးဦးအပါအဝင်  ၁၇ ဦးကို ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) သတင်းထုတ်ပြန်ပါတယ်။ 

စခန်းသိမ်းပိုက်ခံရပြီးနောက် ဆုတ်ခွာသွားတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ BPLAနဲ့  Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်တပ်တွေက လိုက်လံရှင်းလင်းရာ ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် အခုလို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ BPLA က ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။ 

ဖာပွန်ခရိုင်ထဲရှိ စစ်ကောင်စီတပ်ရဲ့ လက်ကျန်တပ်စခန်းတွေအတွက် ဗျူဟာအရအရေးပါတယ်လို့ဆိုတဲ့ ခေါပုတ်တပ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။ 

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တာဖြစ်ပြီး ၆၀ မမ စိန်ပြောင်း ၁၁ လက်၊ RPG ၃ လက်နဲ့ ချေမှုန်းရေးရိုင်ဖယ် ငါးဆယ်ကျော်အပါဝင် လက်နက်ခဲယမ်းတွေကို ပူးပေါင်းတပ်တွေဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

၁၉၉၂ ခုနှစ်ကတည်းက တပ်စွဲထားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ခြေမြန်၊ ခြေလျင်တပ်ရင်း လေးခုထက်မနည်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တရာကျော်တပ်စွဲထားတဲ့ အဲဒီခေါပုတ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ခြောက်လလောက်ကတည်းက ဝန်းရံပိတ်ဆို့ထားခဲ့တာပါ။ 

ဒါ့အပြင် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ တပ်စခန်းတချို့ကနေ ဆုတ်ခွာလာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်း အဲဒီ ခေါပုတ်တပ်စခန်းမှာ လာရောက်ပူးပေါင်းထားတယ်လို့ သိရပါတယ်။ 

ခေါပုတ်တပ်စခန်းကို မဟာမိတ်တပ်တွေ ဝင်ရောက်တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့တိုင်းနီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံတွေရဲ့ ကျေးရွာတွေထဲလည်း ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။