ရှမ်းမြောက်ဒေသမှာ စစ်ဘေးရှောင် သုံးသောင်းကျော်အထိရှိလာ အများစု နေရပ်မပြန်နိုင်ကြသေး

နို၀င်ဘာ ၊ ၄

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းမြောက်ဒေသမှာနေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်သုံးသောင်း ကျော် အထိ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) ရဲ့လူသားချင်း စာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ်တပ်တွေရဲ့ ရှမ်းမြောက်ထိုးစစ်အတွင်း တိုက်ပွဲတွေ အဓိကဖြစ်နေတဲ့ လားရှိုး၊ သိန္နီ၊ ကျောက်  မဲ၊ ကွတ်ခိုင်၊ လောက်ကိုင်၊ မူဆယ် နဲ့ “၀” ဒေသ အနီး၀န်းကျင်ကျေးရွာတွေက ဒေသခံတွေ စစ်ရှောင်နေကြရ တာလို့ ဆိုပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် လားရှိုးမြို့မှာ ၆၇၁၆ ဦး၊ သိန္နီမြို့မှာ ၉၀၂၃ ဦး၊ ကျောက်မဲတွင် ၄၄၀ ဦး၊ ကွတ်ခိုင်မှာ ၁၁၀၀ ဦး၊ မူဆယ်မှာ ၆၀ ဦး၊ “၀” ဒေသမှာ ၅၀၀၀ ဦးနဲ့ အနီး၀န်းကျင်ကျေးရွာတွေမှာ ၉၁၀၆ ဦးရှိပြီး စုစုပေါင်း ၃၂၄၄၅ ဦး အထိရှိတယ်လို့ အဲ့ဒီဝန်ကြီးဌာနကဆိုထားပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA) ၊တအာင်းတပ် (TNLA ) နဲ့ ရခိုင်တပ် (AA) တို့က ပြီးခဲ့တဲ့ လ ၂၇ ရက်က စလို့ ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်ရဲ့ စခန်းတွေ စစ်ဆေးရေးဂိတ်တွေအပြင် ရဲစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။

စစ်ရှောင်တွေဟာ လက်ရှိမှာသက်ဆိုင်ရာမြို့တွေကဘာသာရေး ကျောင်းတွေမှာ ယာယီနေထိုင်ခိုလှုံနေကြရပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါ၀င်နေတယ်လို့ လားရှိုးမြို့က စစ်ရှောင်တွေကို ကူညီပေးနေသူ တဦးကပြောပါတယ်။

“ကလေးငယ်တွေနဲ့ လူကြီးတွေကတော့ စခန်းမှာပဲ အများစုနေထိုင်ကြတယ်၊သူတို့က နေရပ်လည်း မပြန်ချင်ကြ သေးဘူး၊မပြန်ရဲသေးတာလည်းပါတာပေါ့၊လူငယ်တွေတချို့လောက်ကသာ သူတို့ အိမ်လေးတွေအခြေအနေကို ပြန်ကြည့်ကြတာရှိတယ် ” လို့ သူကပြောပါတယ်။

ရှမ်းမြောက်ဒေသက စစ်ရှောင်အများစုမှာ စား၀တ်နေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အလှူရှင် တွေ ရဲ့ ထောက်ပံ့ပေးမှုနဲ့ သာဖြေရှင်းနေကြရတယ်လို့ တာလုံကျေးရွာက စစ်ရှောင်ပြည်သူ အမျိုးသမီး တဦးက ပြောပါတယ်။

“အခက်အခဲကတော့ ရှိတာပေါ့ လူအများကြီးနဲ့ နေရတာဆိုတော့လေ၊စားဖို့ကိုတော့ အလှူရှင်တွေလာကြတယ်၊ ဒီ မှာက လူလည်းအရမ်းများတယ်၊ကျွန်မတို့ရွာအပြင် တခြားဒေသကလူတွေလည်း လာနေကြတာရှိတယ်၊အ၀တ် အစားတို့ စောင်တို့မရှိတာမျိုးတော့ကြုံရတယ်” လို့ သူကဆိုပါတယ်။

ရှမ်းမြောက်တိုက်ပွဲတွေစတင်တဲ့ အောက်တိုဘာ ၂၇ရက်ကနေ မနေ့ကအထိ ရှစ်ရက်အတွင်းအမျိုးသမီးနဲ့ ကလေး သူငယ်အပါအ၀င် သေဆုံးသူ ဆယ်ရှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၄၄ ဦးရှိတယ်လို့  NUGရဲ့ လူသားချင်း စာနာ ထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နေအိမ်အဆောက်အဦး ရှစ်ဆယ် နဲ့ ဘာသာရေးအဆောက်အအုံ တဒါဇင်လည်း ထိခိုက်ပျက်ဆီးခဲ့ တယ်လို့ဆိုထားပါသေးတယ်။

NUG ဝန်ကြီးဌာနအနေနဲ့ လတ်တလောမှာ စစ်ရှောင်တွေအတွက်လိုအပ်နေတဲ့စားနပ်ရိက္ခာ၊ယာယီအမိုးအကာနဲ့ အသုံးအဆောင်ပစ္စည်းစတဲ့ လူသားစာနာမှုအကူအညီတွေကိုမြေပြင် အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးနေ တာမျိုး လည်းရှိတယ်လို့ဖော်ပြထားတယ်။

ကုလသမဂ္ဂဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA – Myanmar ကတော့ ရှမ်း မြောက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ  ၂၃,၀၀၀ ကျော်ထပ်တိုးလာပြီး စုစုပေါင်း ၃၇,၄၀၀ ကျော် အထိ ရှိလာတယ်လို့ နိုဝင်ဘာ ၂ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက် ဒေသ မြို့နယ် ၂၂ ခုအနက် မြို့နယ်ကိုးခုလောက်မှာ တိုက်ပွဲတွေဖြစ်နေပြီး ဒုက္ခသည် အရေအတွက် ထပ်တိုးနေသလို လူသားချင်း စာနာမှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ UNOCHAက ဆိုပါတယ်။

UNOCHA ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၇ သန်းနီးပါးရှိနေတယ်လို့သိရပါတယ်။