မြန်မာ့ပဋိပက္ခကို ဗဟိုပြုပြီး ပိုမိုထင်ရှားလာရဲ့ အာဆီယံရဲ့ သွေးကွဲမှုများ

ဇူလိုင်၊ ၁၅
 
အင်ဒိုနီးရှား နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ အကြောင်းအရင်း မယ်မယ်ရရ မသိရတဲ့ နှောင့်နှေးမှုတချို့ ကြုံခဲ့ပြီးတဲ့နောက် မြန်မာ့အရေးနဲ့ ပတ်သက်လို့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပူးတွဲ သဘောထား ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ထုံးစံအတိုင်း ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အာဆီယံက ထပ်မံ ရှုတ်ချထားပြီး အာဆီယံက အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ခုကို ဆက်လက် ကျင့်သုံးသွားမယ် ဆိုတာမျိုးကပဲ ထုတ်ပြန်ချက်ရဲ့ အနှစ်ချုပ် ဖြစ်နေခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်မျိုးကိုတောင်မှ မူလ လျာထားတာထက် တရက် နောက်ကျပြီး ဇူလိုင် ၁၃ ရက်ကျမှ ကြေညာနိုင်ခဲ့တာပါ။ ဒီအခြေအနေတွေက မြန်မာ့အရေးနဲ့ ပတ်သက်ရင် အာဆီယံ နိုင်ငံတွေကြားမှာ အမြင်မတူမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ဆက်ရှိနေဆဲ ဆိုတာကို ပိုမိုထင်ရှား မြင်သာစေပါတယ်။
၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ စစ်တပ်က အာဏာသိမ်းပြီး မြန်မာ့ အရပ်သား အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ အဖွဲ့ဝင်တွေကိုပါ ဖမ်းဆီးထားလိုက်ပါတယ်။ အဲဒီ တရားမဲ့ လုပ်ရပ်ကို လက်မခံနိုင်တဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက တော်လှန် တုံ့ပြန်ရာက သွေးချောင်းစီး ပြည်တွင်းစစ်ပွဲတွေ စတင်လာခဲ့ပါတယ်။
မြန်မာ အပါအဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ဟာ မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခတွေရဲ့ အစောပိုင်း ကာလတွေ ကတည်းက ကူညီဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ထိရောက် အားကောင်းတဲ့ ဘယ်လို ရလဒ်မျိုးကိုမှ လက်တွေ့ ယူဆောင်မပေးနိုင်ခဲ့ပါဘူး။ အခုသီတင်းပတ်ထဲမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ညီလာခံမှာ ဘာမှ ထူးခြားမှု မပါတဲ့ ရွက်ကြမ်းရေကြို ထုတ်ပြန်ချက် တခုကိုတောင် သတ်မှတ်ချိန်အတွင်း မထုတ်ပြန်နိုင်လောက်အောင် ညှိယူနေရတာကိုက အာဆီယံရဲ့ လက်ရှိ ကြုံနေတဲ့ ပကတိ အခြေအနေမှန်ကို ထင်ဟပ်ပြနေပါတယ်။
အားလုံး သိပြီးဖြစ်တဲ့အတိုင်း မြန်မာ့အရေး ဖြေရှင်းမယ့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ခု ဆိုတာကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က စတင် အဆိုပြုခဲ့ပြီး အာဏာသိမ်း စစ်တပ်က အဖက်တောင် မလုပ်ခဲ့ပါဘူး။ အားမနာတမ်း ပြောရမယ်ဆိုရင် လုံးဝဥဿုံ ကျဆုံး အရေးနိမ့်သွားတဲ့ အဆိုပြုချက်တွေလို့တောင် သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အဲဒီလို အလုပ်မဖြစ်တော့တဲ့ အစီအမံမျိုးကိုပဲ ပဋိပက္ခ ဖြေရှင်းရေး နည်းလမ်းအဖြစ် အာဆီယံက ဆုပ်ကိုင်ထားပါတယ်။ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ထိုင်းက လမ်းကြောင်းအသစ် တခု ဖောက်ထွက်ဖို့ စိုင်းပြင်းလာပေမယ့်လည်း အာဏာသိမ်း စစ်တပ်ကို ကူညီမယ့် ရွေးချယ်မှုမျိုး ဖြစ်နေပြန်တယ်။
အာဆီယံရဲ့ ဇူလိုင် ၁၃ ရက် ကြေညာချက်ထဲမှာတော့ မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အဓိက ရည်ညွှန်းကိုးကားမှုဟာ အာဆီယံ ဘုံသဘောတူညီမှု ၅ ခုပဲ ဖြစ်ထိုက်တယ်လို့ စုပေါင်း ဆုံးဖြတ်ခဲ့ကြောင်း ပါရှိပါတယ်။ ပြီးတော့ ပြည်တွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ ပြည်သူပိုင် အိုးအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုတွေလိုမျိုး အကြမ်းဖက် ရန်လိုမှုတိုင်းကို ရှုတ်ချကြောင်းလည်း အာဆီယံ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီ အကြမ်းဖက်မှုတွေကို ပင်တိုင် ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်တပ်ကို အဖွဲ့အစည်း နာမည်တပ်ဖို့တောင် အာဆီယံ ကြေညာချက်က သွေးမရဲခဲ့ပါဘူး။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားကတော့ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ နိုင်ငံခြား ဝန်ကြီးတွေ အစည်းအဝေးမှာ မြန်မာ့ အကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာဖို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားက တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် ၂ နှစ်တောင် ကြာခဲ့ပြီးပါပြီ။ မြန်မာနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတဲ့ အာဆီယံရဲ့ အားထုတ်မှုတွေဟာ ဘယ်လို အသီးအပွင့်မျိုးမှ အောင်မြင် ဖြစ်ထွန်းမလာခဲ့ပါဘူး။ စစ်တပ်ကလည်း အာဆီယံနဲ့ နိုင်ငံတကာ ဝေဖန်မှုတွေကို မျက်ကွယ်ပြုထားဆဲ ဖြစ်သလို ဒီမိုကရေစီရေး အတိုက်အခံ အင်အားစုတွေနဲ့ ညှိနှိုင်းမှု လုံးဝမရှိပါဘူး။
အာဆီယံ နိုင်ငံခြားရေး ​ဝန်ကြီးများ ညီလာခံကို တက်ရောက်ခဲ့တဲ့ အမည်မဖော်လိုသူ သံအရာရှိ တဦးကတော့ ထုတ်ပြန်ချက်ကိစ္စ နှောင့်နှေးနေရတာဟာ အသုံးအနှုန်းတွေနဲ့ ပတ်သက်လို့တောင် ညှိမရ ဖြစ်နေခဲ့တာကြောင့်လို့ AFP သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။ အစောပိုင်းက အာဆီယံ ညီလာခံရဲ့ အနှစ်ချုပ် သဘောထား ကြေညာချက်တွေ ထုတ်ပြန်မယ့် မူကြမ်းကို AFPက မြင်ခွင့်ရခဲ့ချိန်မှာ မြန်မာနဲ့ ပတ်သက်တဲ့ အပိုင်းကို စာမျက်နှာ အလွတ် ချန်ထားတာ တွေ့ခဲ့ရပါတယ်။
အဲဒီ သံတမန်ရဲ့ အဆိုအရ အာဆီယံ အဖွဲ့ထဲမှာ စစ်ကောင်စီနဲ့ ပြန်လည် ထိတွေ့ ညှိနှိုင်းမှုတွေ လုပ်ချင်တဲ့ နိုင်ငံတချို့ ရှိနေပြီး တခြားနိုင်ငံတွေကတော့ မြန်မာ့ ပြည်တွင်းရေး အကြမ်းဖက်မှု အခြေအနေတွေကို အဆုံးသတ်စေမယ့် ဘုံသဘောတူညီချက် ၅ ခုကို အကောင်အထည် ဖော်မှု အခြေအနေကို ကြည့်ပြီးမှ စစ်တပ်နဲ့ ပြန်ဆက်ဆံဖို့ သင့်မသင့် ဆုံးဖြတ်ချင်ကြပါတယ်။ လောလောဆယ်မှာတော့ အာဆီယံဟာ နိုင်ငံရေးဆိုင်ရာ အစည်းအဝေးတွေမှာ စစ်တပ်ရဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားခြင်း မရှိဘဲ ဖယ်ကြဉ်ထားပါတယ်။ သေချာတာကတော့ မြန်မာကိစ္စကို ဆွဲထုတ်လာပြီ ဆိုတာနဲ့ အာဆီယံ အသိုက်အဝန်းထဲမှာ သွေးကွဲမှုတွေ ပေါ်လာတယ် ဆိုတာပဲ ဖြစ်တယ်လို့ အဲဒီ သံအရာရှိက မှတ်ချက် ပေးခဲ့ပါတယ်။
မကြာသေးခင်ကတော့ ထိုင်းအိမ်စောင့်အစိုးရဟာ မြန်မာ့အရေးကို သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းဖို့ အစပြု လုပ်ငန်းစဉ်ဆိုပြီး အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်တွေရယ်၊ ပဋိပက္ခထဲမှာ ပါဝင်ဆက်နွှယ်တဲ့ တချို့ အဖွဲ့အစည်းတွေရယ်နဲ့ တိုက်ရိုက် စကားပြောလာပါတယ်။
ပြီးခဲ့တဲ့ လတုန်းကဆိုရင် ထိုင်းဟာ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးမယ်ဆိုပြီး ဘန်ကောက်ကို အာဆီယံ နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ကိုယ်စားလှယ်ကိုပါ ဖိတ်ကြားခဲ့တာကြောင့် အငြင်းပွားစရာ အခြေအနေတွေ ဖြစ်ပေါ်ခဲ့သလို အာဆီယံရဲ့ မြန်မာ့အရေး သွေးကွဲမှုကို ပိုဆိုးရွားသွားစေပြန်ပါတယ်။
ပိုပြီး အံ့ဩစရာ ကောင်းတာက အင်ဒိုနီးရှားမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဒုတိယနေ့မှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာမွတ် ဝီနိုင်က သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြန်မာနိုင်ငံကို လျှို့ဝှက်ခရီးစဉ် သွားရောက်ပြီး အကျဉ်းချခံ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်လို့ ရုတ်တရက် ထုတ်ပြောလိုက်တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ကောင်းမွန်နေပြီး မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြန်လည် လုပ်ဆောင်ဖို့ လိုလိုလားလား ရှိနေကြောင်း ဒွန်က ပြောကြားခဲ့တာကြောင့်လည်း အငြင်းပွားစရာ အရှုပ်အထွေးတွေ ဖြစ်ပေါ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အာဏာသိမ်း စစ်တပ်နဲ့ ညှိနှိုင်းဆွေးနွေးလိုတယ်ဆိုတဲ့ ဒွန်ရဲ့ စကားကို အခိုင်အမာ အတည်ပြုနိုင်တဲ့ အခြေအနေမျိုး လုံးဝ မရှိပါဘူး။
အာဏာသိမ်း စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒွန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပါတယ်လို့ အတည်ပြုပြီး လွတ်လပ်စွာ ဆွေးနွေးခွင့် ရခဲ့တယ်လို့ ပြောကြားထားပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း စစ်တပ်ရဲ့ ပြန်ကြားရေးက ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်တဲ့ ဇော်မင်းထွန်းရဲ့ အသံဖိုင်မှာ ပါရှိပါတယ်။
ဒွန်က အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးစားနေတာ ၂ နှစ် ရှိခဲ့ပြီဖြစ်ပြီး ဘာမှ တိုးတက်မလာကြောင်း၊ လက်ရှိ ကာလက ပြန်လည် တွေ့ဆုံ ညှိနှိုင်းမှုတွေ အစပြုရတော့မယ့် အချိန်ဖြစ်ကြောင်း ဇူလိုင် ၁၃ ရက်တုန်းက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ မှတ်ချက် ပေးခဲ့ပါတယ်။ ဒီစကားမျိုးက အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ ဦးဆောင်ဦးရွက်ပြုပြီး မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အင်ဒိုနီးရှားကို တိုက်ရိုက်မဟုတ်တဲ့ သိက္ခာချမှုမျိုး သက်ရောက်စေနိုင်ပါတယ်။
အင်ဒိုနီးရှားကလည်း မြန်မာ့အရေးကို အာဆီယံ နိုင်ငံတခုခုက ဖြေရှင်းပေးမယ် ဆိုရင်တောင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အပြင်ဖက်ကနေ သွေဖယ်လို့ မရဘူးလို့ ပြတ်ပြတ်သားသား သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အက်ဘ်ဒူလ် ကာဒါကတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတိုင်းဟာ တူညီတဲ့ အကြောင်းကိစ္စ တခုတည်းကို ဦးတည်ပြီး ကျရာနေရာက ကြိုးစား လုပ်ဆောင်ပေးနေကြကြောင်း၊ ဒါဟာ အာဆီယံ ဒေသကြီး တခုလုံးရဲ့ ဘေးကင်းမှု၊ တည်ငြိမ်မှုနဲ့ သာယာ ဝပြောမှုတွေကို ယူဆောင်ပေးဖို့လည်း အရေးပါကြောင်း ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရီနာတို မာဆူဒီက သူ့အစိုးရဟာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်း အားလုံးနဲ့ သံတမန် နည်းလမ်း ပီပီပြင်ပြင် ချိတ်ဆက်နေပြီး အာဆီယံ ဥက္ကဋ္ဌ သက်တမ်း ၇ လတာအတွင်း မြန်မာနဲ့ ဆက်စပ်တဲ့ တွေ့ဆုံဆွေးနွေးမှုပေါင်း ၁၁၀ ကျော် လုပ်ဆောင်ထားပြီးပြီလို့ ဆိုပါတယ်။
လေ့လာသူတွေကတော့ ထိုင်းဟာ အခုအခါမှာ မြန်မာ့အရေး အာဆီယံရဲ့ ကိုင်တွယ် ဖြေရှင်းမှုတွေကို ခေါင်းဆောင်လိုတဲ့ အရိပ်အယောင်မျိုး ပီပီပြင်ပြင် ပြသလာတာလို့ သုံးသပ်ကြပါတယ်။ ဒီတော့ မြန်မာနဲ့ ပတ်သက်ရင် အာဆီယံရဲ့ ကိုင်တွယ် လုပ်ဆောင်မှုတွေကို ဖြတ်ချပြီး ထိုင်းအစိုးရက ဗဟိုပြု စီမံတယ် ဆိုတာမျိုး ဖြစ်စေချင်ပုံ ပေါ်ပါတယ်။
အရင်ကတည်းက မြန်မာ့ အရေးမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေခဲ့ပြီးသား အာဆီယံထဲမှာတော့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ကြားက အားပြိုင်မှုကြောင့် အက်ကြောင်းတွေ ပိုနက်ရှိုင်းလာမယ့် အဓိပ္ပါယ်ပါပဲ။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာ့ပြဿနာနဲ့ ပတ်သက်ရင် ဘုံသဘောတူညီချက် ၅ ခုကိုပဲ ဆက်လက် ရည်ညွှန်း ကိုးကားစေမယ်ဆိုတဲ့ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ ရပ်တည်မှု သဘောထားအပေါ် မှတ်ချက်တခုခုပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
(ABS-CBN၏ Divided ASEAN condemns Myanmar violence again, supports five-point plan ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)