ပညာရေးဝန်ကြီးဌာနက ကျောင်းဖွင့်ချိန် ကျုရှင်ပြသနာကို လစ်လျူရှု့ထား

၁၈၊ မေ။

စစ်အစိုးရ ဝါဒဖြန့် သတင်းစာတွေမှာ ၂၀၂၆-၂၇ ပညာသင်နှစ်အတွက် ကျောင်းအုပ်၊ဆရာ၊ဆရာမများ အားလုံးနှင့် အရာထမ်း၊အမှုထမ်းများ အားလုံး သိရှိလိုက်နာရမယ့်အချက်တွေကို ဒီနေ့မနက်မှာ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လာခဲ့ပြီး ဒီအထဲမှာ ကျောင်းဆရာ၊ဆရာမတွေ ပြင်ပမှာ ကျူရှင်သင်နေတာနဲ့ ပတ်သက်ပြီး ကန့်သတ်တားမြစ်ချက် တစုံတရာ ပါမလာတာ တွေ့ရပါတယ်။

“ဝန်ထမ်းတွေကိုယ်တိုင်က ကျူရှင်သင်တာတို့ ပြီးရင် ကျူရှင်တက်တဲ့သူနဲ့ မတက်တဲ့သူနဲ့ ခွဲခြားဆက်ဆံတာတို့ အနည်းနဲ့အများရှိခဲ့တယ်။ အခုကတော့ ပိုဆိုးတဲ့ အခြေအနေပေါ့။ Non CDM တွေအနေနဲ့လည်း သူတို့တဘက်မှာ အာဏာသိမ်း စစ်တပ်အနေနဲ့ကြည့်ရင် သူတို့လူတွေကို တကယ်လို့ ဥပဒေဘောင်ရဲ့ ပြင်ပကို ကျူးလွန်တယ် ဆိုရင်တောင်မှ အရေးယူနိုင်မှုတွေ မလုပ်ဘဲ ရှိတဲ့လူကို မွေးထားတဲ့သဘော ဖြစ်တဲ့အတွက်ကို ပြောင်ပြောင်တင်းတင်း မှားယွင်းနေတယ်”လို့ ဒီချုပ်ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ရေကြည်ကိုယ်စားလှယ် ဦးမျိုးသက်ဦးက ပြောပါတယ်။

ကျောင်းဖွင့်ရာသီ ဖြစ်တဲ့အတွက် ကျောင်းသားသစ်တွေ ကျောင်းအပ်လက်ခံရေးကို အဓိကထားတာ ဖြစ်နိုင်ပေမယ့် ကျောင်းသားမိဘတွေ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲဖြစ်တဲ့ ဆရာ၊ဆရာမတွေက ကျောင်းမှာ စာကို သေသေချာချာမသင်ပဲ ပြင်ပကျုရှင်တွေမှာပဲ စသင်နေတဲ့အတွက် ကျောင်းသားမိဘတွေ အနေနဲ့ ကလေးတွေပညာရေးမှာ ငွေကုန်ကြေးကျ များနေတဲ့ အခက်အခဲကို ရင်ဆိုင်နေကြရတာပါ။

ပညာရေးဌာနနဲ့ နီးစပ်တဲ့ ဟင်္သာတသူတဦးကတော့ ဧရာဝတီတတိုင်းလုံးက ပညာရေးဝန်ထမ်း ဆရာ၊ဆရာမတွေက ကိုယ်တိုင် ကျုရှင်တွေ၊ဘော်ဒါတွေ၊ဂိုက်တွေနဲ့ လုပ်စားနေကြတာလို့ မှတ်ချက်ပေးပါတယ်။

“ငွေကြေး၊ပစ္စည်း၊ လက်ဆောင်ဆိုတာကို သူတို့က ကျောင်းလက်ခံတဲ့ နေရာမှာဘဲ သက်ရောက်မှာပါ။ ကျူရှင်ကိစ္စကို ကြပ်မယ်မထင်ဘူး။ စစ်တပ်ကို ငြိုငြင်မှာစိုးလို့  ယာဉ်/ရဲ ၊ မှုခင်းရဲတွေတောင် ငွေရှာစားနေတာ မသိသလို လွှတ်ပေးထားတာဆိုတော့။  နောက်ပိုင်းမှ အပြောင်းအလဲ ရှိလာရင်တော့ မသိဘူး”လို့လည်း သူမက မှတ်ချက်ပေးပါတယ်။

စစ်တပ်အာဏာသိမ်အပြီး ၅ နှစ်ကျော်အကြာ အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေကြရချိန်မှာ ဒီနှစ်ကျောင်းဖွင့်ရာသီအတွက် လူလတ်တန်းစား နဲ့ အခြေခံလူတန်းစား ကျောင်းသားမိဘတွေမှာ ကလေးတွေ ပညာသင်ကုန်ကျစားရိတ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေကြရတာ ဖြစ်ပါတယ်။အစိုးရ ကျောင်းတွေမှာ စာကိုသေသေချာချာ မသင်ပြတာ၊ကျုရှင်တက်တဲ့ ကလေးတွေကိုသာ စာသင်ခန်းထဲမှာ ဦးစားပေးတာ စတဲ့ အဿပြာ ဆရာတွေ ရှိသလို ငွေရေးကြေးရေး အခြေအနေအရ ကျုရှင်မထားတဲ့ ကျောင်းသားမိဘတွေလည်း ရှိနေပါတယ်။

“အိမ်က ညီအစ်ကို မောင်နှမတွေထဲတော့ ဘယ်သူမှ ကျူရှင်မယူကြတော့ စျေးတွေလည်းမသိပါဘူး။ လောလောဆယ်တော့ ခြောက်တန်းသမားရှိတယ်။ အတန်းကြီးရင်တော့ မပြောတတ်ဘူး”လို့ ဟင်္သာတမြို့ခံတဦးကပြောပါတယ်။

ပညာရေးဝန်ကြီးဌာနကတော့ သူတို့ထုတ်ပြန်ချက်မှာ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း ၊ အထက်တန်း အဆင့်များသို့ အဆင့်ဆင့် ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆိုပြီး ဆရာ၊ဆရာမတွေကို ညွှန်ကြားထားပါတယ်။

“သာမန်ကျူရှင်ကတော့ စျေးအရမ်းမတက်ဘူး။ တတ်နိုင်တဲ့ မိဘတွေကျတော့လည်း ကိုယ်ပိုင်ကျောင်းတက်၊ အိမ်မှာဂိုက်ပေး၊ အပြင်ကျူရှင်လည်း ထားကြတယ်။ အပြင်ကျူရှင် စျေးကတော့ မတက်တဲ့ စျေးပေါ့နော်။ သုံးသောင်းကျပ်လောက် ရှိတယ်။ အလကားသင်ပေးတဲ့ လူတွေကိုလည်း မမျှော်တော့ပါဘူး။ သူများအလကားသင်ဖို့ နေနေသာသာ ကိုယ့်စားဖို့ အရင်ရှာရတဲ့ ခေတ်လေ။ အစိုးကျောင်းကတော့ တက်တာ နည်းသွားတယ်လို့ ထင်တယ်”လို့ ပုသိမ်မြို့ခံ ကျောင်းသားမိဘတဦးက ပြောပါတယ်။

ကျုရှင်ခတွေ အစမတန် ဈေးတက်တာက မြို့ပြ နဲ့ ကျေးလက် ကွာခြားမှု ရှိနိုင်ပြီး အများအားဖြင့် ကျေးရွာတွေမှာတော့ ကျောင်းသားမိဘတွေ ကိုယ်တိုင်က ဆရာ၊ဆရာမတွေကို တတ်နိုင်သလောက် ဂါရဝပြု ပေးတာတွေတောင် ရှိတယ်လို့ ငပုတောမြို့နယ်က ကျောင်းဆရာတဦးက ပြောပါတယ်။

“”အဲဒါက မြို့ပြကျတဲ့နေရာတွေမှာတော့ ဟုတ်မယ်။ တရားဝင်တော့မဟုတ်ပေမဲ့ဗျာ နယ်ဘက်တွေလိုတွေမှာတော့ ကျူရှင်ရယ်လို့ ပြောလို့ ရသလို မဟုတ်ဘူးလို့လည်း ပြောလို့ရတဲ့ ကျောင်းတွေမှာလဲသင်ပေးနေတဲ့ သူတွေရှိပါတယ်”လို့ ငပုတောက ကျောင်းဆရာက ရှင်းပြပါတယ်။

သူတို့ဘက်မှာတော့ နယ်ဘက်ကျောင်းတွေမှာ ကျုရှင်ဝိုင်းတွေ ပေါ်မလာစေဖို့အတွက် ကျောင်းသားတွေ အိမ်စာတွေ နေ့စဉ်လုပ်ဖို့ မိဘဆရာ ပူးပေါင်းဆွေးနွေးကြဖို့ နှိုးဆော်ထားတယ်လို့လည်း ပြောပါတယ်။