အီရန်စစ်ပွဲကြောင့် အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမှုတွေ ရပ်ဆိုင်းထား

မကြာသေးခင်က တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်ခရီးစဉ်မတိုင်ခင်မှာတော့ ထရမ့်က အဆိုပါ လက်နက်ရောင်းချမှုကိစ္စနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။

 

၂၂၊ မေ။

 

အမေရိကန်စစ်တပ်အနေနဲ့ အီရန်စစ်ဆင်ရေးတွေအတွက် လုံလောက်တဲ့ ခဲယမ်းမီးကျောက်တွေ ရှိနေစေဖို့ ထိုင်ဝမ်ကို လက်နက်ရောင်းချမှု ခေတ္တရပ်ဆိုင်းထားတယ်လို့ အမေရိကန်ရေတပ် ယာယီအတွင်းရေးမှူးက မေလ ၂၁ ရက်၊ ကြာသပတေးနေ့ မှာ ပြောပါတယ်။

 

ထိုင်ဝမ်ရဲ့ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံဖိုး လက်နက်ဝယ်ယူမှု ကြန့်ကြာနေတဲ့အကြောင်း လွှတ်တော်ကြားနာပွဲမှာ မေးမြန်းတဲ့အခါ “Epic Fury စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ခဲယမ်းမီးကျောက်တွေ ကျွန်တော်တို့ဆီမှာ ရှိနေဖို့ အခုလောလောဆယ် ခေတ္တရပ်ဆိုင်းထားတာ ဖြစ်ပါတယ်၊ တကယ်တော့ ကျွန်တော်တို့ဆီမှာ အများကြီး ရှိနေပြီးသားပါ”လို့ ယာယီအတွင်းရေးမှူး ဟန်းကောင်းက ပြန်ဖြေပါတယ်။

 

“ဒါပေမဲ့ အရာအားလုံး အဆင်သင့်ရှိနေအောင် သေချာပြင်ဆင်နေတာဖြစ်ပြီး အစိုးရအဖွဲ့က လိုအပ်တယ်လို့ ယူဆတဲ့အချိန်ကျရင်တော့ ပြည်ပနိုင်ငံတွေကို စစ်ရေးအရ လက်နက်ရောင်းချမှုတွေကို ဆက်ပြီးလုပ်ဆောင်သွားမှာပါ”လို့ သူက ဆက်ပြောပါတယ်။

 

ဟန်းကောင်းရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့က ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးပါဘူး။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အဆိုပါ လက်နက်ရောင်းချမှုကို ဆက်လုပ်မယ်လို့ အသေအချာ ကတိမပေးထားတာကြောင့် တရုတ်က သူတို့ပိုင်နက်အဖြစ် ကြေညာထားတဲ့ ထိုင်ဝမ်ကို ကူညီပံ့ပိုးပေးမယ့် သူ့ရဲ့ကတိကဝတ်အပေါ် စိုးရိမ်မှုတွေထွက်ပေါ်နေပါတယ်။

 

မကြာသေးခင်က တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်ခရီးစဉ်မတိုင်ခင်မှာတော့ ထရမ့်က အဆိုပါ လက်နက်ရောင်းချမှုကိစ္စနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ ဘေကျင်းနဲ့ ဆွေးနွေးတိုင်ပင်မှာ မဟုတ်ဘူးဆိုတဲ့ ဝါရှင်တန်ရဲ့ အရင်ရပ်တည်ချက်ကနေ သွေဖည်သွားတာလည်း ဖြစ်ပါတယ်။

 

 

အဲဒီနောက်မှာတော့ သူက ရှီကျင့်ဖျင်ကို ထိုင်ဝမ်နဲ့ပတ်သက်ပြီး ဘာကတိမှ မပေးခဲ့ဘဲ လက်နက်ရောင်းချမယ့်ကိစ္စကို နောက်ထပ်မကြာခင်အချိန်အတွင်းမှာ ဆုံးဖြတ်ချက်ချသွားမယ်လို့ ပြောခဲ့ပါတယ်။

 

အမေရိကန်ဟာ ဘေကျင်းအစိုးရကိုပဲ တရားဝင်အသိအမှတ်ပြုထားပေမဲ့ အမေရိကန်ဥပဒေအရတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒီမိုကရေစီနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ကို သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့အတွက် လက်နက်တွေ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။

 

တရုတ်နိုင်ငံကတော့ အဆိုပါ ကျွန်းကို ပြန်လည်သိမ်းပိုက်မယ်လို့ ကြွေးကြော်ထားပြီး စစ်အင်အားသုံးဖို့ကိုလည်း ချန်လှပ်မထားပါဘူး။ ဒါ့အပြင် မကြာသေးခင် နှစ်တွေအတွင်းမှာလည်း စစ်ရေးအရ ဖိအားပေးမှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

Ref – Reuters