
ပိုလန်ကို ထပ်တိုးစေလွှတ်မယ့် စစ်သည်တွေဟာ ဂျာမနီကနေ ရုပ်သိမ်းမယ့် စစ်သည်တွေထဲကလား ဒါမှမဟုတ် သီးခြားအဖွဲ့တဖွဲ့လား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
၂၂၊ မေ။
ပိုလန်နိုင်ငံကို စစ်သည်အင်အား ၄,၀၀၀ စေလွှတ်ဖို့ ပြင်ဆင်ထားတဲ့ အစီအစဉ်ကို ပင်တဂွန်စစ်ဌာနချုပ်က ဖျက်သိမ်းလိုက်ပြီးတပတ်အကြာမှာ ပိုလန်ကို အမေရိကန်စစ်သည်အင်အား ၅,၀၀၀ ထပ်တိုး စေလွှတ်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားရာမှာတော့ အခုဆုံးဖြတ်ချက်ဟာ မနှစ်က သမ္မတရွေးကောက်ပွဲအတွင်း သူကိုယ်တိုင် ထောက်ခံပေးခဲ့တဲ့ ပိုလန်သမ္မတ ကာရိုလ် နာဗရော့စကီးနဲ့ အမေရိကန်တို့အကြား ရှိနေတဲ့ဆက်ဆံရေးအပေါ် အခြေခံတာဖြစ်တယ်လို့ ဆိုပါတယ်။
အခု ထပ်တိုးစေလွှတ်မယ့် စစ်သည်တွေဟာ အရင်က ဖျက်သိမ်းလိုက်တဲ့ စစ်သည်စေလွှတ်ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းလားဒါမှမဟုတ် တခြားစစ်ဆင်ရေး တခုခုအတွက်လား ဆိုတာကိုတော့ သမ္မတက အသေးစိတ် ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။
အိမ်ဖြူတော်ကတော့ သူတို့ရဲ့ အမေရိကန်သာ ပထမ မူဝါဒရဲ့ တစိတ်တပိုင်းအနေနဲ့ ဥရောပမှာရှိတဲ့ သူတို့ရဲ့ စစ်သည်အင်အားစုစုပေါင်းကို လျှော့ချဖို့ ရည်ရွယ်ထားကြောင်း မကြာသေးခင် သီတင်းပတ်တွေအတွင်းက အရိပ်အမြွက် ပြောကြားထားတာပါ။
အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်နဲ့ ဂျာမန်ဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်တို့အကြား အခြေအတင် ဖြစ်ပွားခဲ့ပြီးနောက် ဂျာမနီနိုင်ငံကနေ စစ်သည်အင်အား ၅,၀၀၀ ပြန်လည်ရုပ်သိမ်းမယ်လို့လည်း အမေရိကန်က အခုလ အစောပိုင်းမှာကြေညာခဲ့ပါသေးတယ်။
အမေရိကန်ဟာ အီရန်ညှိနှိုင်းရေးမှူးတွေရဲ့ အရှက်ခွဲတာကို ခံခဲ့ရတယ်လို့ မာ့ဇ်ရဲ့ ပြောကြားချက်အပေါ် ထရမ့်က အရင်က ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။ ပိုလန်ကို ထပ်တိုးစေလွှတ်မယ့် စစ်သည်တွေဟာ ဂျာမနီကနေ ရုပ်သိမ်းမယ့် စစ်သည်တွေထဲကလား ဒါမှမဟုတ် သီးခြားအဖွဲ့တဖွဲ့လား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
ဒါ့အပြင် ဟော်မုဇ်ရေလက်ကြား ကိစ္စမှာ အီရန်ကို ဖိအားပေးဖို့ အမေရိကန်နဲ့အတူ ပူးပေါင်းပါဝင်ဖို့ ဝန်လေးနေကြတဲ့ ဝါရှင်တန်ရဲ့ နေတိုး မဟာမိတ်နိုင်ငံတွေကိုလည်း ထရမ့်က ဝေဖန် ပြစ်တင်နေခဲ့တာ ဖြစ်ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ သောကြာနေ့မှာ ဆွီဒင်နိုင်ငံမှာ တွေ့ဆုံကြမှာဖြစ်ပြီး အဆိုပါ ထိပ်သီးအစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
ရူဘီယိုအနေနဲ့ ဝါရှင်တန်ရဲ့ နေတိုးမဟာမိတ်တွေဘက်ကနေ စစ်ရေးတာဝန်တွေကို ပိုပြီး ခွဲဝေယူကြဖို့ တောင်းဆိုလိမ့်မယ်လို့မျှော်လင့်ရပါတယ်။
အစည်းအဝေးမတိုင်ခင်မှာပဲ နေတိုးအဖွဲ့ဝင်နိုင်ငံတခုခု တိုက်ခိုက်ခံရတဲ့ အခြေအနေမျိုး ဖြစ်လာရင် အမေရိကန်က ကူညီပေးနိုင်မယ့် စစ်သည်အင်အား စုစုပေါင်းကို လျှော့ချနိုင်တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး BBC က သူ့ကို မေးမြန်းခဲ့ပါတယ်။
ရူဘီယိုက အဆိုပါ အကြောင်းအရာတချို့ကို ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြောခဲ့ပြီး ထရမ့်အနေနဲ့ နေတိုး မဟာမိတ်တွေအပေါ် အတော်လေး စိတ်ပျက်ကာ အားမလိုအားမရ ဖြစ်နေဆဲပဲလို့ ထည့်သွင်းပြောကြားပါတယ်။
ကြာသပတေးနေ့မှာ ထွက်ပေါ်လာတဲ့ ထရမ့်ရဲ့ အဆိုပါ ကြေညာချက်ဟာ ပိုလန်ကို စစ်သည်အင်အား ၄,၀၀၀ စေလွှတ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ရုတ်တရက် ပြောကြားခဲ့ပြီး တပတ်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဖျက်သိမ်းမှုဟာ စစ်သည်စေလွှတ်မယ့် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားတာသာဖြစ်ပြီး အမေရိကန်အနေနဲ့ ပိုလန်မှာ တောင့်တင်းတဲ့ စစ်ရေးအင်အား ဆက်လက်ရှိနေစေဖို့ သေချာအောင် ဆက်လုပ်သွားမှာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က နောက်ပိုင်းမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
နာဗရော့စကီးဟာ ထရမ့်ကို အရင်ကတည်းက အခိုင်အမာ ထောက်ခံလာသူဖြစ်ပြီး ပိုလန်သမ္မတရွေးကောက်ပွဲမှာ မနိုင်ခင်ကတည်းက ထရမ့်ရဲ့ လူသိရှင်ကြား ထောက်ခံမှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက BBC ရဲ့ Radio 4 Today အစီအစဉ်မှာ ပိုလန်သမ္မတက ပြောကြားခဲ့ရာမှာတော့ ထရမ့်ဟာ ပူတင်ကိုတားဆီးနိုင်ပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးနိုင်မယ့် တဦးတည်းသော ကမ္ဘာ့ခေါင်းဆောင် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ထရမ့်က နေတိုးမဟာမိတ်အဖွဲ့နဲ့ ဥရောပခေါင်းဆောင်တွေကို အရင်က ဝေဖန်ခဲ့တာတွေ ရှိပေမဲ့လည်း ဥရောပရဲ့ လုံခြုံရေးကိုအာမခံချက် ပေးနိုင်တာဟာ အမေရိကန်ပဲ ဖြစ်တယ်လို့ နာဗရော့စကီးက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ဂျာမနီမှာရှိတဲ့ အမေရိကန်စစ်တပ် စေလွှတ်ချထားမှုဟာ ဥရောပမှာ အကြီးမားဆုံးဖြစ်ပြီး လက်ရှိမှာ တာဝန်ထမ်းဆောင်နေတဲ့စစ်သည်အင်အား ၃၆,၀၀၀ ကျော် ရှိနေပါတယ်။ ဒါဟာ အီတလီမှာရှိတဲ့ စစ်သည် ၁၂,၀၀၀ ဝန်းကျင်နဲ့ ဗြိတိန်မှာရှိတဲ့ စစ်သည်၁၀,၀၀၀ နဲ့ နှိုင်းယှဉ်ရင် အများကြီး ပိုများနေတာ ဖြစ်ပါတယ်။
- Ref – BBC