ဧရာဝတီတိုင်းမှာ စပါးရှုံးလို့ လယ်ရောင်းချင်တဲ့ လယ်သမားတွေများလာ

“အစကတော့ လယ်တွေ ငှားလိုက်မလို့ အခု ငှားမယ့်သူပါ မရှိတော့ဘူး။ ရောင်းဖို့ကလည်း ဝယ်မယ့်သူ မရှိဘူး။ လယ်ရောင်းပြီး တခြားတခုခု လုပ်မယ်ဆိုလည်း အဆင်မပြေဖြစ်နေတယ်။ လယ်သမားတွေဘ၀က မလွယ်ဘူး ဗျာ”

၂၀၊ မေ။

ဧရာ၀တီတိုင်းအတွင်းမှာ စက်သုံးဆီစျေးကြီးတာအပါအဝင် လယ်ယာလုပ်ငန်းသွင်းအားစုတွေ အလွန်စျေးကြီးနေ တာကြောင့် လယ်သမားတွေဟာ သူတို့လယ်ယာမြေတွေ မလုပ်ကိုင်ကြတော့ဘဲ လယ်ရောင်းချလိုသူတွေ များနေပါတယ်။

“လယ်ရောင်းမယ့်သူတွေချည်းပဲ၊ ဝယ်မယ့်သူတွေတော့ သိပ်မရှိဘူး။ မရှိသလောက်ပဲ။ ဒီကာလမှာ ဝယ်လည်း မဝယ်နိုင်ကြဘူး။ လယ်နည်းနည်းလေး လုပ်တဲ့သူတွေပဲ ကိုယ့်လုပ်အားနဲ့ ဆက်လုပ်ကြတော့တာ” လို့ ဘိုကလေး မြို့နယ် သူဇာ၀ကျေးရွာအုပ်စုဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်း စက်သုံးဆီ တလီတာကို ကျပ်ရှစ်ထောင်ကနေ တသောင်းကျော်ထိ စျေးရှိနေပြီး လိုသလောက် ဝယ်မရဖြစ်နေကာ ဓါတ်မြေဩဇာ တအိတ်ကိုလည်း ကျပ်တသိန်းကျော်ထိ စျေးရှိနေတာပါ။

ဒါ့အပြင် ထွန်ယက်၊ ရိတ်ခြွေခတွေ၊ ဒီဇယ်ဆီစျေးတွေနဲ့ အလုပ်သမားစရိတ်တွေဟာလည်း စျေးမြင့်တက်နေပြီး မိုးစပါးစိုက်ဖို့လည်း စက်သုံးဆီ ဝယ်မရဖြစ်နေကြတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။

“ဆိုင်တွေမှာကတော့ လေးထောင်ကျော်၊ ငါးထောင်လောက်ပဲ ရှိတော့တယ်။ ဒါပေမယ့် လယ်သမားတွေမှာတော့ အပြင်စျေးအတိုင်း ဝယ်ရတယ်။ တမိုးစာထွန်ဖို့ထိ ဝယ်မရဘူး။ လယ်သမားတွေက လယ်လုပ်ဖို့ကို တော်တော် ငြီး ငွေ့နေပြီ” လို့ ဟင်္သာတမြို့နယ်မှ လယ်သမားတွေအရေးဆောင်ရွက်နေသူတဦးက ပြောပါတယ်။

မြန်အောင်မြို့နယ် မကျဉ်းကုန်းအုပ်စုမှ လယ်သမားတဦးဖြစ်တဲ့ ကိုအောင်ကတော့ အခုနှစ်မိုးရာသီမှာ လယ်ဆက်မလုပ်တော့ဘူးလို့ ဆိုပါတယ်။

“အစကတော့ လယ်တွေ ငှားလိုက်မလို့ အခု ငှားမယ့်သူပါ မရှိတော့ဘူး။ ရောင်းဖို့ကလည်း ဝယ်မယ့်သူ မရှိဘူး။ လယ်ရောင်းပြီး တခြားတခုခု လုပ်မယ်ဆိုလည်း အဆင်မပြေဖြစ်နေတယ်။ လယ်သမားတွေဘ၀က မလွယ်ဘူး ဗျာ” လို့ ကိုအောင်က ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်း စပါးစျေးမကောင်းလို့ လယ်သမားတွေ အရှုံးပေါ် အခက်အခဲဖြစ်နေကြချိန် လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကလည်း သူတို့ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို အချိန်မီ ပြန်ဆပ်ကြဖို့ ဖိအားပေး၊ ခြိမ်းခြောက် တောင်းခံတာတွေလည်း ရှိနေပါတယ်။

“လယ်သမားတွေ လယ်မလုပ်ကြတော့တာက မကောင်းဘူးဗျ။ အစိုးရအနေနဲ့ လယ်သမားတွေအဆင်ပြေအောင် တတ်နိုင်သလောက် လုပ်ပေးဖို့လိုတယ်။ ဆီတွေ အလုံအလောက် ဝယ်လို့ရအောင်၊ စပါးစျေးတွေ ကောင်းအောင် လုပ်ပေးရမယ်” လို့ ဟင်္သာတမြို့နယ်မှ လယ်သမားအရေးဆောင်ရွက်သူက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။