
အမေရိကန်ဟာ ကျူးဘားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားပြီး ကျူးဘားဆီကို ရေနံတင်သွင်းမှု ပိတ်ဆို့ထားတာကြောင့် လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
၂၁၊ မေ။
၁၉၉၆ ခုနှစ်တုန်းက ကျူးဘားနဲ့ ဖလော်ရီဒါကြားမှာ လေယာဉ်နှစ်စင်းကို ပစ်ချမှု၊ အမေရိကန်နိုင်ငံသားတွေကို သတ်ဖြတ်ဖို့ပူးပေါင်းကြံစည်မှု၊ တခြားရာဇဝတ်မှုတွေနဲ့ ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စထရိုကို အမေရိကန်က တရားစွဲဆိုလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က ထုတ်ဖော်လိုက်တဲ့ အဆိုပါ အမှုမှာ ကျူးဘား-အမေရိကန် အုပ်စုဖြစ်တဲ့ Brothers to the Rescue ပိုင် လေယာဉ်ကိုပစ်ချခဲ့မှု၊ အမေရိကန်နိုင်ငံသား သုံးဦးအပါအဝင် လူလေးဦး သေဆုံးခဲ့မှုတွေနဲ့ပတ်သက်ပြီး ကက်စထရိုနဲ့အတူ တခြားလူငါးဦးကိုပါ စွပ်စွဲထားပါတယ်။
အခုအချိန်မှာ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ကက်စထရိုဟာ အဲဒီအချိန်တုန်းက ကျူးဘားစစ်တပ်ရဲ့ အကြီးအကဲဖြစ်ခဲ့ပြီး လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရဖူးပါတယ်။
အမေရိကန်က ကျူးဘားရဲ့ ကွန်မြူနစ်အုပ်ချုပ်ရေးအပေါ် ဖိအားတွေ တိုးမြှင့်ပေးဖို့ ကြိုးစားနေချိန်မှာပဲ ကျူးဘားသမ္မတ မီဂွယ်ဒီယက်ဇ်-ကာနယ်ကတော့ အဆိုပါ တရားစွဲဆိုမှုဟာ ဥပဒေကြောင်းအရ ဘာအခြေအမြစ်မှမရှိတဲ့ နိုင်ငံရေးပရိယာယ်သက်သက်ပဲလို့ ပြောလိုက်ပါတယ်။
မိုင်ယာမီမြို့က ဖရီဒန်တာဝါမှာ ပြောကြားရာမှာတော့ ယာယီရှေ့နေချုပ် တုဒ် ဘလန့်ချ်က ကက်စထရိုကို လေယာဉ်ဖျက်ဆီးမှုနဲ့အတူ အာမန်ဒို အလက်ဇန္ဒြီ ဂျူနီယာ၊ ကားလို့စ် အယ်လ်ဘာတို ကိုစတာ၊ မာရီယို မာနျူရယ် ဒီလာပီညာနဲ့ ပါဘလို မိုရေးလ်စ်တို့သေဆုံးမှုအတွက် လူသတ်မှုလေးခုနဲ့လည်း ထပ်မံတရားစွဲဆိုသွားမယ်လို့ ကြေညာထားပါတယ်။
“အမေရိကန်နိုင်ငံနဲ့ သမ္မတထရမ့်ဟာ သူ့ရဲ့နိုင်ငံသားတွေကို ဘယ်တော့မှ မမေ့ဘူး၊ မေ့မှာလည်း မဟုတ်ဘူး” လို့ ဘလန့်ချ်ကပြောပါတယ်။
အဆိုပါ စွပ်စွဲချက်တွေကို အမေရိကန်တရားရုံးမှာ လျှောက်လဲရမှာဖြစ်ပြီး တချို့အမှုတွေက ထောင်ဒဏ်တသက်တကျွန်းအထိပြစ်ဒဏ်ကျခံရနိုင်ပါတယ်။ လူသတ်မှုစွပ်စွဲချက်တခုစီအတွက်တော့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်တသက်တကျွန်း ကျခံရနိုင်ပါတယ်။
ကျူးဘားရဲ့ တပါတီအာဏာရှင်စနစ်ကို ကြီးမားတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အမေရိကန်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရချိန်မှာပဲ တရားရေးဝန်ကြီးဌာနရဲ့ စွပ်စွဲချက်အသစ်တွေက ကျူးဘားကွန်မြူနစ်ခေါင်းဆောင်ပိုင်းရဲ့ အဓိက အထင်ကရပုဂ္ဂိုလ်ကို ဦးတည်လာတာဖြစ်ပါတယ်။
“ကျုပ်အမြင်ကတော့ ဒီဗျူဟာက ကျူးဘားအစိုးရဘက်က အလျှော့ပေးပြီး ဆွေးနွေးပွဲစားပွဲဝိုင်းမှာ လက်နက်ချတဲ့အထိ ဖိအားတွေကို တဖြည်းဖြည်းချင်း တိုးမြှင့်သွားဖို့ပဲ ဖြစ်တယ်” လို့ အမေရိကန်တက္ကသိုလ်က လက်တင်အမေရိကန် နိုင်ငံရေးကျွမ်းကျင်သူ ဝီလီယမ် လီယိုဂရန်းဒ်က ဆိုပါတယ်။
အမေရိကန်ဟာ ကျူးဘားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားပြီး ကျူးဘားဆီကို ရေနံတင်သွင်းမှု ပိတ်ဆို့ထားတာကြောင့် လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကျူးဘားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့နဲ့ တိုက်ဆိုင်ပြီး ကျူးဘားပြည်သူတွေထံ သဝဏ်လွှာတစောင် ပေးပို့ခဲ့ပါတယ်။
“သမ္မတထရမ့်ဟာ အမေရိကန်နဲ့ ကျူးဘားနိုင်ငံသစ်ကြားမှာ လမ်းကြောင်းအသစ်တခုကို ကမ်းလှမ်းနေပါတယ်”လို့ ရူဘီယိုကပြောပါတယ်။
ကျူးဘားနိုင်ငံသားတွေ အခုထက်ထိ ကြုံတွေ့နေရတဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ရိက္ခာပြတ်လပ်မှုတွေအတွက် ကျူးဘားစစ်တပ်က လည်ပတ်နေတဲ့ GAESA လို့ ခေါ်တဲ့ အကျိုးတူစီးပွားရေးလုပ်ငန်းစုကြီးမှာ အဓိက တာဝန်ရှိတယ်လို့ ရူဘီယိုက ကျူးဘားပြည်သူတွေကို ပြောပါတယ်။
GAESA ဟာ ဆိပ်ကမ်းတွေကနေ စက်သုံးဆီဆိုင်တွေနဲ့ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွေအထိ ကျူးဘားစီးပွားရေးရဲ့အကျိုးအမြတ်အများဆုံးရတဲ့ အစိတ်အပိုင်းအများစုကို ပိုင်ဆိုင်ပြီး လည်ပတ်နေတာ ဖြစ်ပါတယ်။
ရူဘီယိုရဲ့ သဝဏ်လွှာကို တုံ့ပြန်တဲ့အနေနဲ့ ဒီယက်ဇ်-ကာနယ်က အမေရိကန်ဟာ လိမ်ညာနေပြီး ကျူးဘားပြည်သူတွေအပေါ် အစုအဖွဲ့လိုက် ပြစ်ဒဏ်ခတ်မှုကို လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဒီယက်ဇ်-ကာနယ်က ကက်စထရိုကို တရားစွဲဆိုတာဟာ ကျူးဘားအပေါ် စစ်ရေးအရ ကျူးကျော်မှုလုပ်ဖို့ မိုက်မဲတဲ့ လုပ်ရပ်ကိုအကြောင်းပြချက်ရှာနေတာဖြစ်တယ်လို့ ပြောပြီး လေယာဉ်ပစ်ချမှုနဲ့ပတ်သက်လို့ အမေရိကန်က အချက်အလက်တွေကိုလိမ်လည်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ကျူးဘားအနေနဲ့ သူ့ရဲ့ ရေပိုင်နက်အတွင်းမှာ တရားဝင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ သူကတုံ့ပြန်ပြောဆိုပါတယ်။
ကက်စထရိုကို အမေရိကန်ကိုခေါ်ဆောင်ပြီး တရားရင်ဆိုင်ခိုင်းဖို့ အလားအလာနဲ့ပတ်သက်လို့သတင်းထောက်တွေက မေးမြန်းတဲ့အခါမှာတော့ သူ့ကိုဖမ်းဆီးဖို့ ဝရမ်းထုတ်ထားပြီးသားဖြစ်တယ်လို့ ဘလန့်ချ်က ဖြေကြားပါတယ်။
အမေရိကန်အနေနဲ့ ကက်စထရိုကို ဖမ်းဆီးဖို့ ကြိုးစားမလားဆိုတာကို အတည်မပြုခဲ့ပေမဲ့ “သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒအရဖြစ်ဖြစ် ဒါမှမဟုတ် အခြားနည်းလမ်းနဲ့ဖြစ်ဖြစ် သူ ဒီကို ရောက်လာလိမ့်မယ်လို့ ကျုပ်တို့ မျှော်လင့်ထားတယ်” လို့ ပြောပါတယ်။
“တကယ်လို့ ကျူးဘားတွေဘက်က ဆွေးနွေးပွဲစားပွဲဝိုင်းမှာ အညံ့မခံဘူးဆိုရင်တော့” အမေရိကန်က ကျူးဘားခေါင်းဆောင်ဟောင်းကို ဖမ်းဆီးဖို့ အသင့်ရှိနေတယ်လို့ ယူဆကြောင်း အမေရိကန်တက္ကသိုလ်က လီယိုဂရန်းဒ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း တရားရေးဝန်ကြီးဌာနက ဗင်နီဇွဲလားသမ္မတဟောင်း နီကိုလပ်စ် မာဒူရိုကို တရားစွဲဆိုပြီးနောက် အမေရိကန်စစ်တပ်က သူ့ကို ဖမ်းဆီးပြီး အမေရိကန်ကို ခေါ်ဆောင်လာဖို့ စစ်ဆင်ရေးတခု ဆင်နွှဲခဲ့ဖူးပါတယ်။
အဆိုပါ လုပ်ရပ်က ဝါရှင်တန်နဲ့ ဗင်နီဇွဲလားရဲ့ ဆက်ဆံရေးကို ပြောင်းလဲစေခဲ့ပေမဲ့ ကက်စထရိုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုနီးပါးကတည်းက အနားယူသွားခဲ့တာဖြစ်လို့ ကျူးဘားမှာတော့ အဲဒီလို သက်ရောက်မှုမျိုး ရှိဖို့ မလွယ်ဘူးလို့ လီယိုဂရန်းဒ်က အသိပေးထားပါတယ်။
Ref – BBC